မန္တလေးတိုင်းဒေသကြီးအတွင်း H1N1 လူနာမရှိသေးသော်လည်း လိုအပ်ချက်များ ပြင်ဆင်ထားကြောင်း ကျန်းမာရေးဦးစီးမှူး ပြောကြား 

မန္တလေး  ၂၄  ဇွန်

 

မန္တလေးတိုင်းဒေသကြီးတွင် ရာသီတုပ်ကွေး H1N1 ရောဂါလက္ခဏာဖြင့် လာရောက်ကုသသူ မရှိသေးဟု မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ပြောသည်။

 

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ရောဂါသံသယရှိ လူနာရောက်ရှိနေတယ် ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန့်နှံခဲ့သည်။ 

 

“ခုချိန်ထိတော့ တရားဝင်စာတင်ပြလာတာမရှိတဲ့အတွက် အခုထိ မရောက်သေးတဲ့အတွက် မရှိသေးဘူးလို့ ပြောချင်ပါတယ”ဟု မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ပြောသည်။

 

မန္တလေးတိုင်းမှာ ရာသီပေါ်တုပ်ကွေး  H1N1 ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်ထားကြောင်း သိရသည်။  တုပ်ကွေးဆန်သော လက္ခဏာဖြင့် လာရောက်ပြသသော လူနာရှိမရှိ  စောင့်ကြပ်ကြည့်ရှုခြင်း၊ သတင်းပေးပို့ခြင်း၊ ဗဟိုအဆင့် ဆေးရုံကြီးများဖြစ်သည့် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးနှင့် ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီးတို့ကို ပြင်းထန်အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါ စောင့်ကြပ်ကြည့်ရှူခြင်းဆိုင်ရာ  ဆေးရုံ ၂ ရုံအနေနဲ့ သတ်မှတ်ထားကြောင်း သိရသည်။ 

 

အဆိုပါဆေးရုံများတွင် ကုသရေးများဆောင်ရွက်နိုင်ရန် လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးထားခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ဖြန့်ဝေထားသော ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လမ်ကမ်းစာဆောင်များ ဖြန့်ဝေထားခြင်း၊ ကျန်းမာရေးအသိပညာပေး လမ်းညွှန်များထားရှိခြင်း၊ သံသယရှိလူနာများ ရောက်ရှိလာပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် ဗဟိုအဆင့်ဆေးရုံကြီးများ၊ ခရိုင်အဆင့်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများအား ညွှန်ကြားထားကြောင်း သိရသည်။ 

 

“အခုလိုဖြစ်လာတဲ့အချိန် ရန်ကုန်မှာဖြစ်လာတော့ မန်းတိုင်းအနေနဲ့ ဘာလုပ်ထားလဲဆိုတော့ ပုံမှန်လုပ်တာရှိသလို၊ ဆေးရုံဝန်ထမ်းတွေအားလုံးကို ရာသီတုပ်ကွေးရောဂါနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကို  ဘယ်လိုအသိပညာပေးတာတွေ၊ ကုသရေးဘက်ကျတော့ ဆေးရုံတက်လာရင် ဘယ်လိုအဆင့်ဆင့် ဆောင်ရွက်မယ်ဆိုတဲ့  ဂိုက်လိုင်းတွေကို ပြန်လည်ဖြန့်ဝေဆောင်ရွက်နေတယ်။ လိုအပ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ အကြောင်းကြားထားပြီး ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာ ဦးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ပြောသည်။

 

တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့များလည်း ဖွဲ့စည်းဆောင်ရွက်ထားပြီး တုပ်ကွေးဆန်သောရောဂါလက္ခဏာများ အစုလိုက်ဖြစ်ပွားမှုရှိပါက အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် စီစဉ်ထားရှိသည်။

 

အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း ဆိုက်ရောက် ခရီးသည်များအား အဖျားရောဂါ ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

e 646156