နေပြည်တော် နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနအကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကို လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများမရှိစေရေး၊ ဓာတ်အားခ ကြွေးကျန်အလွှဲသုံးစားမှုများ မဖြစ်စေရေးနှင့် မီတာဖတ်ရှု့မှုကိုမှန်ကန်စွာဖတ်ရှု့သွားနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ခရိုင် / မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက်ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်