မန္တလေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရေး အားပေးဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံတစ်ဝှမ်း၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မျိုးစေ့ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက် နိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီလျက် ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် တို့သည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြန်မာနယူးဧရာ ကုမ္ပဏီလီမိတက်၏ မျိုးစေ့သန့်စင်စက်ရုံ၏ မျိုးစေ့သန့်စင်ခြင်းလုပ်ငန်းနှင့် သီးနှံအခြောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြပြီး မျိုးစေ့ထုတ်လုပ်ငန်းတွင် ပုဂ္ဂလိကနှင့် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ ပြည်တွင်းမျိုးစေ့လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် မျိုးစေ့တင်ပို့ နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ ကြိုးပမ်းစွမ်းဆောင်မှု မြှင့်တင်နိုင်ရေး အခွင့်အလမ်းများကို တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် မြစ်သားမြို့နယ်၊ တမာပင် ကျေးရွာရှိ ကြည်ပြာဥစားကြက် မွေးမြူရေးခြံ ၏ ဥစားကြက်ကောင်ရေ (၉၀၀၀၀)ကျော် မွေးမြူထားရှိမှုနှင့် တရက်လျင်ကြက်ဥ(၇၀၀၀၀)ကျော် ထွက်ရှိဖြန့်ဖြူးပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် စွန်ရဲအင်းဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးဇုံသို့ရောက်ရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူက မွေးမြူရေးဇုံ မြေနေရာရှင်းလင်းထားရှိမှု၊ မွေးမြူရေးဇုံအတွင်း နွားမွေးမြူရေးခြံ၊ ဆေးကုသရေးရုံ၊ အစာသိုလှောင်ရုံ၊ နွားစားမြက် စိုက်ပျိုးရေး လျာထားထားရှိမှု၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက်နေမှုများ၊ ရေရရှိရေးအတွက် ရေခေါ်မြောင်းနှင့် ရေစစ်ကန်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားပြီး စွန်ရဲအင်းဒေသ မွေးမြူရေးဇုံ မြေနေရာချထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်