မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု ယခင်နှစ်ကထက် ပိုမိုများပြား

မန္တလေး ၂၇ ဒီဇင်ဘာ 

 

ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခင်နှစ် ကထက် ပိုမိုများပြားစွာ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

 

ယခင်၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဇန်နဝါရီမှ နိုဝင်ဘာလအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ၃၃၇၀၈၆ ဦး ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် နိုဝင်ဘာလအထိ ၄၃၅၂၈၈ ဦး ဝင်ရောက်မှုရှိခဲ့သဖြင့် ကာလတူနိုင်းယှဉ်ချက်များအရ ယခင်နှစ်ကထက် ပိုမိုများပြားစွာ ဝင်ရောက်လျက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။

 

"မြန်မာနိုင်ငံရဲ့ ခရီးစဉ်တွေထဲမှာ မန္တလေးတိုင်းက ပုဂံနှင့် မန္တလေးက အထူးထင်ရှားတဲ့ ခရီးစဉ်နှစ်ခု ရှိပါတယ်။ နောက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အထူးဦးစားပေးကဏ္ဍမှာလည်း ထည့်သွင်းရေးဆွဲပြီး စီမံချက်များ ချမှတ်ပြီးတော့ သက်ဆိုင်ရာဆက်စပ်ဌာနများနဲ့ ဆောင်ရွက်နေတဲ့အတွက် ဝင်ရောက်မှု ပိုမိုများ ပြားလာတာလည်း ပါပါတယ်"ဟု အဆိုပါဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြား ခဲ့သည်။

 

ကမ္ဘာလှည့် ခရီးသွားများသည် မန္တလေးမြို့၏ ထင်ရှားသော ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများဖြစ်သည့် တောင်သမန်အင်း၊ ဦးပိန်တံတား၊ မဟာမုနိဘုရားကြီး၊ မြနန်းစံကျော်ရွှေနန်းတော်၊ ရွှေကျောင်းကြီး၊ မန္တလေး တောင်တော် စသည်တို့အပြင် မင်းကွန်း၊ အင်းဝနှင့် ပုဂံဒေသများသို့ အများဆုံးသွားရောက် လည်ပတ်ကြပြီး ပြင်ဦးလွင်မြိုသို့လည်း အပန်းဖြေလည်ပတ်လျက်ရှိကြသည်။

 

"နိုင်ငံခြားသား ပိုမိုဝင်ရောက်နိုင်ရေးအတွက် အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖိုရမ်များ ပြုလုပ်နေပါတယ်။ ဝန်ဆောင်မှုပိုင်းကို မထိခိုက်စေဖို့ရယ် ဆက်စပ်ဧရိယာတွေမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှု သင်တန်းတွေနဲ့ အသိပညာပေး လုပ်ငန်းတွေလည်း ဆောင်ရွက်နေ ပါတယ်" ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ အဆိုပါဌာနအနေဖြင့် ယခုနှစ်တွင် နိုင်ငံတကာခရီသွားဧည့်သည် ဝင်ရောက်မှုကို (၄)သိန်းကျော် ခန့်မှန်းထားပြီး နှစ်အလိုက် ဝင်ရောက်မှုစာရင်းများအရ ၂၀၁၂ ခုနှစ်တွင် ၁၆၀၉၇၅ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂၁၉၅၁၈ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၂၄၂၅၆၆ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၃၀၆၄၃၂ ဦးနှင့် ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ဦး ဝင်ရောက်ခဲ့ ကြောင်း ၎င်းဌာနစာရင်းများအရ သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)