မန္တလေး မေ ၆
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သည့် မန္တလေးတိုင်းဒေသ ကြီး စစ်တုရင်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး စစ်တုရင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်ကစားသမားများ၊ တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ၂၀၂၆-၂၀၂၇ အားကစားပြက္ခဒိန်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ (၃၃)ပွဲတွင် စစ်တုရင်ပြိုင်ပွဲသည် ပထမဦးဆုံး ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲဖြစ်ပြီး ပထမတံခွန်စိုက်ဆုဖလားကို ဦးစွာရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်ကစားကြသည့် ပြိုင်ပွဲတိုင်းတွင် အုပ်ချုပ်သူ၊ နည်းပြများ၏ အနီးကပ် စနစ်တကျကြပ်မတ်လေ့ကျင့်သင်ကြားပေးရင်း ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများကလည်း မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သူများဖြစ်အောင်၊ တိုင်းဒေသကြီးအဆင့်မှ နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြစ်အောင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အောင်မြင်မှုများဆက်လက်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး စစ်တုရင်အသင်းမှ တာဝန်ရှိသူများက ပထမတံခွန်စိုက်ဆုဖလားကို အပ်နှံခဲ့ပြီး တိုင်းဒေသကြီး စစ်တုရင်အသင်းအား ဂုဏ်ပြုငွေများ ချီးမြှင့်သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး စစ်တုရင်အသင်း အုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုနံနက်စာဖြင့် တည်ခင်းဧည့်ခံသည်။
မန္တလေးတိုင်းဒေသကြီး စစ်တုရင်အသင်းသည် ဧပြီ ၂၇ ရက်မှ မေ ၄ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အသက် (၁၈)နှစ်အောက် အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အသက် (၁၈)နှစ်အောက် တစ်ဦးချင်း ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုနှင့် အပြည်ပြည်ဆိုင်ရာ အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ခုတို့ဖြင့် အောင်ပွဲရကာ ပထမတံခွန်စိုက်ဆုဖလားကို ပိုင်ဆိုင်ခဲ့ပြီး ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း ၁၃ သင်းတို့တွင် မန္တလေးတိုင်းဒေသကြီးအသင်းမှာ ဒုတိယအဆင့်ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


