မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကာယဗလ/ကာယကြံ့ခိုင်မှု မောင်နှင့်ကာယကြံ့ခိုင်မှုမယ် မန္တလေးတိုင်းလက်ရွေးစင်လူရွေးပွဲကျင်းပမည်

မန္တလေး ၂၃ စက်တင်ဘာ

 

၂၀၁၉-ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလ/ကာယကြံ့ခိုင်မှုမောင်နှင့် ကာယကြံ့ခိုင်မှုမယ် မန္တလေးတိုင်း လက်ရွေးစင်လူရွေး ပြိုင်ပွဲအား နိုဝင်ဘာ  ၅ ရက်တွင် ပညာရေးကောလိပ်/ပညာတန်ဆောင်ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင်  အမျိုးသား ကာယဗလပြိုင်ပွဲ (၂၁) နှစ်အောက် ကာယဗလပြိုင်ပွဲ၊ (၆၀)ကီလိုတန်း ကာယဗလပြိုင်ပွဲ၊ ( ၇၀ ) ကီလိုတန်း ကာယဗလပြိုင်ပွဲ၊  (၈၀)ကီလိုနှင့်အထက်တန်း ကာယဗလပြိုင်ပွဲ၊ အမျိုးသား SPORTS PHYSIQUE၊ အမျိုးသား ATHLETIC PHYSIQUE၊  အမျိုးသား FITNESS PHYSIQUE ၊ ကာယကြံ့ခိုင်မှုပြိုင်ပွဲ များကိုလည်းကောင်း၊ အမျိုးသမီး MODEL PHYSIQUE၊ အမျိုးသမီး ATHLETIC PHYSIQUE၊  အမျိုးသမီး FITNESS PHYSIQUEစသည့် အတန်းများ ရွေးချယ်သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲအတွက် အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထားပြီး ပတ်စ်ပို့ (၃)ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူနှင့်အတူ ဖောင်များ အခမဲ့ ရယူပြီး မန္တလေးတိုင်း ကာယဗလနှင့် ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးစခန်း ဗထူး အားကစားကွင်း အတွင်း၌ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။ 

 

အသက် ၂၁-နှစ်အောက်ကာယဗလပြိုင်ပွဲမှအပ ကျန်အားကစားနည်းများတွင် ယှဉ်ပြိုင်မည့် အားကစား သမားများကို အသက်ကန့်သတ်ချက် မရှိသော်လည်း (အသက် ၂၁-နှစ်အောက်) ကာယဗလပြိုင်ပွဲဝင်မည့် အားကစားသမားများသည် ပြိုင်ပွဲကျင်းပမည့်ရက်တွင် အသက်(၂၁)နှစ်ထက် မကြီးသူဖြစ်ရမည်။နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် စစ်ဆေးမည်ဖြစ်ပြီး အသက်(၁၈)နှစ်နှင့်အထက် အားကစားသမားများအတွက် အသက်(၁၈)နှစ်ပြည့် လဲလှယ်ထားသည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများဖြင့် စစ်ဆေးမည်ဖြစ်၍ အမျိုးသမီးကာယကြံ့ခိုင်မှု အားကစားသမားများသည် ပြိုင်ပွဲကျင်းပမည့်ရက်တွင် အသက်(၁၆)နှစ် ပြည့်ပြီးသူဖြစ်ရမည်ဖြစ်သည်။

 

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)/အာရှအားကစားပြိုင်ပွဲ (ASIAN GAMES ) နှင့် ကမ္ဘာ့ပြိုင်ပွဲများတွင် မြန်မာနိင်ငံကိုယ်စားပြုပါဝင် ယှဉ်ပြိုင်ခဲ့ဘူးသူများ /မြန်မာ့လက်ရွေးစင် အားကစား သမားများ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုကြောင်းလည်း သိရသည်။

 

အောင်စံမောင်