မန္တလေးတက္ကသိုလ် ပင်မဆောင်အား ပြုပြင်ရန် သိန်းပေါင်း ၉ ထောင် လျာထား

မန္တလေး ၂၆ မတ် 


မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးအား ရှေးမူမပျက် ပြုပြင်ရန် ကျပ်သိန်းပေါင်း ၉ ထောင် လျာထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး က ပြောသည်။


ပြူပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကို သင်္ကြန်ကာလ အပြီးတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြီးစား ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုများ ပြုလုပ်ရန် ဝန်ကြီးဌာနမှ ချပေးသည့် ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


"ပြုပြင်ထိန်းသိမ်းဖို့အတွက် ဘတ်ဂျက် တစ်စိတ်တစ်ပိုင်း ထားပြီးပြီ။ ပင်မဆောင်ရဲ့ ပျက်ဆီးနေတဲ့ အပိုင်းတွေကို စတင်ပြီးတော့ ပြင်ဆင်မယ်။ ကုန်ကျတာတော့ သိန်းပေါင်း ၉ ထောင်လောက် လျာထားတယ်။ ဘယ်လောက်ကုန်မယ်ဆိုတာ မသိရသေးဘူး" ဟု ၎င်းက ပြောသည်။


မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ၁၉၂၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် ဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ကာ ပင်မဆောင်ကို ကျောင်းဆောင်အဖြစ် အသုံးမပြုခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ် ပြီးချိန်မှသာ ကျောင်းဆောင်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။


ယနေ့အချိန်မှာ မန္တလေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်း ၂၅ ခု၊  ဘွဲ့ကြိုသင်တန်းမှ ပါရဂူအထိ သင်တန်းအမျိုးအစား၂၀၆ ခု၊ ဒီပလိုမာ သင်တန်းပေါင်း ၁၂ ခုနှင့် ဘာသာရပ် အမျိုးမျိုးမှာ သုတေသန လုပ်ဆောင်နေသော ကျောင်းသားများ အပါအဝင် ထောင်ချီသော ကျောင်းသားများ ပညာဆည်းပူးရာ တက္ကသိုလ်တစ်ခု ဖြစ်သည်။


မန္တလေး တက္ကသိုလ်သည် ၁၉၂၁ ခုနှစ်တွင် စိုက်ပျိုးရေး သိပ္ပံအဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်အဖြစ် ပြောင်းလဲခဲ့ကာ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ် (ဝိဇ္ဖာသိပ္ပံ၊ ဆေးပညာ၊စိုက်ပျိုးရေး) နှင့် မကွေးကောလိပ်ပါဝင်သော မဟာဌာနကြီး လေးခုဖြင့် မန္တလေးတက္ကသိုလ်ကို စတင်ထူထောင်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် စတင်ထူထောင်သည်မှာ နှစ် ၁၀ဝ နီးပါး သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။


သူရိန်လင်း