ပရီမီယာလိဂ်ကလပ် မန်ယူအသင်းမှ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ဟာ ဘောလုံးအားကစားကလောင်ရှင်များအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ယခုဘောလုံးရာသီမှာ မန်ယူအသင်းနဲ့အတူ ပြိုင်ပွဲစုံ(၃၄)ပွဲမှာ ရှစ်ဂိုးသွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက်နဲ့ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းတို့ကို ကျော်ဖြတ်ကာ ဘောလုံးအားကစားကလောင်ရှင်များအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအ‌တွင်းက ပေါ်တူဂီကလပ် စပို့တင်းအသင်းကနေ အင်္ဂလန် ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၆၇ ဒသမ ၇ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်စ် အနေနဲ့ မန်ယူအသင်းကစားသမားဘဝ တစ်‌‌လျှောက်မှာ အခုလို ဘောလုံး အားကစားကလောင်ရှင်များအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ၂၀၁၀ ပြည့်နှစ်က ရွန်းနီပြီး နောက်ပိုင်း မန်ယူကစားသမားတစ်ဦးအနေနဲ့ ပထမဆုံးဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်