မန်ယူသို့ ပြောင်းရွှေ့ရန် ဒိုင်ဘာလာ ငြင်းဆိုပါက လူကာကူအနေဖြင့် မန်ယူတွင်သာ ဆက်ရှိနေဖွယ်ရှိ

ထက်အောင်

ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ဒိုင်ဘာလာအနေဖြင့် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ငြင်းဆိုခဲ့ပါက မန်ယူအသင်းတိုက်စစ်မှူး လူကာကူအနေဖြင့်လည်း မန်ယူအသင်းတွင်သာ ဆက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

မန်ယူအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် တိုက်စစ်မှူး လူကာကူ နှင့် ဒိုင်ဘာလာတို့အား အလဲအလှယ်ပြုရန် စီစဉ်နေလျက်ရှိသည်။ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူအနေဖြင့် ယခုနွေရာသီ ဈေးကွက်ကာလအတွင်းတွင် မန်ယူအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသူ ဖြစ်သည်။ သို့သော်လည်း မန်ယူနှင့် ဂျူဗင်တပ်စ်အသင်းတို့အကြား အပြောင်းအရွှေ့ကိစ္စဖြစ်ပေါ်လာရေးသည် အာဂျင် တီးနားတိုက်စစ်မှူး ဒိုင်ဘာလာက မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိ၊မရှိအပေါ် မူတည် နေသည်ဟုဆိုသည်။ တိုက်စစ်မှူး ဒိုင်ဘာလာ (၂၅ နှစ်) သည် ဂျူဗင်တပ်စ်အသင်းတွင် ပုံမှန် ကစားခွင့်ရရှိရန် ရုန်းကန်ရသော်လည်း လာမည့်ဘောလုံးရာသီတွင် ဂျူဗင်တပ်စ်အသင်း၌ပင် ဆက်လက်ကစားသွားရန် ဆုံးဖြတ်ထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

စီးရီးအေထိပ်တန်းကလပ်အသင်း တစ်သင်းဖြစ်သည့် အင်တာမီလန်အသင်းကလည်း တိုက်စစ်မှူး လူကာကူအား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။ မန်ယူအသင်းတာဝန်ရှိသူများက တိုက်စစ်မှူး လူကာကူ၏ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၈၀ သတ်မှတ်ထားပြီး အင်တာမီလန်အသင်းသည် ပေါင် ၅၄ သန်းဖြင့် တိုက်စစ်မှူး လူကာကူအား ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း အဆိုပါ ကမ်းလှမ်းမှုကို မန်ယူအသင်းက ပယ်ချခဲ့သည်။

အင်တာမီလန်အသင်းအနေဖြင့် တိုက်စစ်မှူး လူကာကူအား ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းခြင်း မပြုဘဲ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာကလည်း မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ငြင်းပယ်ခဲ့ပါက တိုက်စစ်မှူး လူကာကူသည် မန်ယူအသင်းတွင်သာ ဆက်ရှိသွားရလိမ့်မည်ဖြစ်သည်။

တိုက်စစ်မှူး ဒိုင်ဘာလာသည် မန်ယူအသင်းသို့ ပြောင်းရွှေ့မည်ဆိုပါက တစ်ပတ်လုပ်ခငွေအဖြစ် ပေါင် ၃၅၀ဝ၀ဝ ပေးချေရန် တောင်းဆိုထားခြင်းသည်လည်း မန်ယူအသင်းအနေဖြင့် တိုက်စစ်မှူး ဒိုင်ဘာလာအား ခေါ်ယူရေး ကြိုးစားမှုတွင် အဟန့်အတားတစ်ခုသဖွယ် ဖြစ်နေသည်ဟုဆိုသည်။ တိုက်စစ်မှူး ဒိုင်ဘာလာသည် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ် ဘောလုံးရာ သီတွင် ဂျူဗင်တပ်စ်အသင်းအတွက် စုစုပေါင်း ၄၂ ပွဲ ပါဝင်ကစားခဲ့ကာ ၁၀ ဂိုး သွင်းယူခဲ့သူ ဖြစ်သည်။

မြန်မာ့အလင်း