MSME ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေး

 

သုတဇော် (MSME)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြောင်းလဲနေသော ခေတ်စနစ်နှင့်အညီ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့်ကဏ္ဍများ၏ တိုးတက်ပြုပြင်ပြောင်းလဲမှုများကို  အရှိန်အဟုန်ဖြင့်   ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင်  ပုဂ္ဂလိကစီးပွားရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

 

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြဋ္ဌာန်းပြီးသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ

 

ထိုသို့အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာတွင် စက်မှုဝန်ကြီးဌာနအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီး ဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးမူဝါဒကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း၊ ဥပဒေကို ၂၀၁၅ ခုနှစ် ဧပြီလတွင် လည်းကောင်း၊ နည်းဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း ပြဋ္ဌာန်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ဒေသတွင်းစီးပွားရေး ကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်မှု စွမ်းရည်ကောင်းများမြင့်မားလာပြီး နိုင်ငံသားများ ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးများ ရရှိရန် အတွက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနက ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိသည်။

 

MSME ဖွံ့ဖြိုးတိုးတက်ရေးဌာန၏နောက်ခံသမိုင်းအကျဉ်း

 

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဖွဲ့စည်းခဲ့ မှုအကြောင်းကို အကျဉ်းအားဖြင့် တင်ပြချင်ပါသည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရေး ဆောင်ရွက်ရာတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကမောင်းနှင်အား တစ်ခုဖြစ်သည့်အတွက် ကာလတို၊ ကာလရှည်မျှော်မှန်းချက်များဖြင့် စနစ် တကျဆောင်ရွက်သွားရန် ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့မှစ၍ အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ရန်ကုန်မြို့တွင် ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့သည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်စေရန် ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ဌာနကို မူဝါဒနှင့်ပြည်ပရေးရာဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းညှိနှိုင်းရေးဌာနခွဲ သုံးခုဖြင့် စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနလက်အောက်သို့ သွတ်သွင်းလျက် နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ရုံးနှင့် ခရိုင်ရုံးခွဲ ၃၅ ရုံးဖြင့် ဖွဲ့စည်းခဲ့သည်။

 

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီများ၊ အဖွဲ့များသည် Small နှင့် Medium Enterprises လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သာမက Micro Enterprises လုပ်ငန်းများကိုလည်း လက်တွဲခေါ်ယူ၍ နည်းပညာလွှဲပြောင်းပေးခြင်း၊ Trade Fairများတွင် ဖိတ်ခေါ်ပြသခြင်း၊ ဒေသတွင်း ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်၍ ဆုများချီးမြှင့် ပေးခြင်း၊ Micro လုပ်ငန်းများမှ Small နှင့် Medium လုပ်ငန်းများအဖြစ် တိုးတက်ရောက်ရှိရန် ပံ့ပိုး ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ထို့အဖွဲ့အစည်းများတွင် Micro လုပ်ငန်းများပါ ထည့်သွင်းသုံးစွဲခွင့်ပြုမှုအရ ၂၀၁၈ ခုနှစ်တွင် Micro, Small and Medium Enterprises (MSME)-အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဟု ခေါ်ဝေါ်သုံးစွဲလာခြင်းဖြစ်သည်။

 

ယခုအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ရုံးနှင့် ခရိုင်ရုံးခွဲ ၄၀ အထိ တိုးချဲ့ဖွဲ့စည်း၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

 

MSME ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်မှုများ

 

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အေဂျင်စီ၏ ရုံးလုပ်ငန်း ဆိုင်ရာကိစ္စရပ်များ အစည်းအဝေးများဆောင်ရွက် ခြင်း၊MSME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊ MSME ဖွံ့ဖြိုး တိုးတက်ရေးဥပဒေ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေများအရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီ အစဉ်များရေးဆွဲခြင်း၊ အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (ASEAN Coordinating Committee on Micro, Small and Medium Enterprise - ACCMSME) ဆိုင်ရာကိစ္စရပ်များအား ပါဝင်ဆောင်ရွက်ခြင်းနှင့် MSME နှင့်ပတ်သက်သော သတင်းအချက်အလက်များဖြန့်ဝေခြင်း၊ အာဆီယံ နိုင်ငံများမှ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ MSME ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ညှိနှိုင်းပေးခြင်း၊ ပြည်ပအဖွဲ့အစည်းများ၏ မေးမြန်းချက်များ၊ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များအတွက် ညှိနှိုင်းဆွေးနွေးပြီး ရလဒ်များကိုတင်ပြ၍ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ခြင်း၊ MSME ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းများနှင့်ချိတ်ဆက်၍ Project၊ Training၊ Seminar ကျင်းပရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ MSMEများ လိုအပ်သောလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန် သင်တန်းများပေးခြင်း၊ နည်းပညာများပေးခြင်း၊ E-Market Platformများထူထောင်ပေးခြင်း၊ International Supply Chain အတွင်း ဝင်ရောက်နိုင်အောင်ပံ့ပိုးပေး ခြင်း၊ SME Member ကတ်များ ထုတ်ပေးခြင်း၊ MSMEများ ငွေကြေးအရင်းအနှီး လွယ်ကူသက်သာ စွာရရှိနိုင်ရေးအတွက် ချေးငွေဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၊ အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် ညှိနှိုင်းချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးခဲ့သည့် စီမံကိန်းများထဲမှ တစ်ခုအပါအဝင်ဖြစ် သည့် မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သည့် “ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ် တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Seminar On Innovation and Young Entrepreneurship for Regional Develop -ment) အကြောင်းကို ထုတ်နုတ်တင်ပြလိုပါသည်။

 

ပထမအကြိမ်နှီးနှောဖလှယ်ပွဲ

 

ပထမအကြိမ်နှီးနှောဖလှယ်ပွဲကို Mekong-Lancang Coopreation Special Fund (၂၀၁၈) ဒုတိယအသုတ်အရ “Seminar On Innovation and Young Entrepreneurship for Regional Development” ကို အာဆီယံဒေသတွင်း လူငယ်စွန့်ဦး တီထွင်သူများအကြား ဆွေးနွေးပွဲများမှ တစ်ဆင့် စွန့်ဦးတီထွင်မှုဆိုင်ကိစ္စရပ်များ သိရှိနိုင်ရန်၊ ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ လူငယ်စွန့်ဦးတီထွင်သူများ အချင်းချင်း ချိတ်ဆက်မိစေရန်၊ မဲခေါင်-လျန်ချန်းဒေသတွင်း နိုင်ငံများ၏ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအချင်းချင်း အသိပညာဝေငှနိုင်ရန်၊ E-market place ကဲ့သို့သော နည်းပညာများကို အသုံးပြုပြီး ဆန်းသစ်တီထွင်မှု အလေ့အထများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဈေးကွက်ကို လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

မဲခေါင်ဒေသတွင်းရှိ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် နိုင်ငံ အသီးသီးတို့ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် ၁၀၀ ခန့် ပါဝင်တက်ရောက်ခဲ့သည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ် တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ နေပြည်တော် Park Royal Hotel နှင့် ပုဂံမြို့တို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ဆန်းသစ်တီထွင်မှုအမျိုး အစားအနက်မှ လူ့စွမ်းအား အရင်းအမြစ်ကို ဦးတည်သောဆန်းသစ် တီထွင်မှု (Human Centered Innovation)များ ဆောင်ရွက်နိုင်ရေးနှင့် MSMEများ Digital စနစ် ကျယ်ပြန့်စွာအသုံးပြုနိုင်ရေးတို့ကို စာတွေ့ လက်တွေ့ သင်ကြားဆွေးနွေးခဲ့ကြသည်။ ဆန်းသစ်တီထွင်မှု အမျိုးအစား ၁၀ မျိုးအနက် ပထမအကြိမ် ဆွေးနွေးပွဲတွင် အမြတ်ပုံစံ (Profit Model)၊ ကွန်ရက် (Network)၊ ဖွဲ့စည်းပုံ (Structure)၊ လုပ်ငန်းစဉ် (Process)၊ ထုတ်လုပ်မှုစွမ်းရည် (Product Performance)၊ ထုတ်ကုန်စနစ် (Product System) စသည့်ခြောက်မျိုးနှင့် စပ်လျဉ်းသည့်အကြောင်းများ ဆွေးနွေးသင်ကြားပေးခဲ့သည့်အပြင် တက်ရောက်လာသည့် မဲခေါင်ဒေသတွင်းရှိ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ရှေးဟောင်းယဉ်ကျေးမှု မြို့တော် ပုဂံမြို့ရှိ အထင်ကရနေရာများနှင့် MSME လုပ်ငန်းများသို့ လေ့လာ နိုင်ရန်အတွက် လေ့လာရေးခရီးစဉ်ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

ဒုတိယအကြိမ်နှီးနှောဖလှယ်ပွဲ

 

ဆက်လက်၍ ဒုတိယအကြိမ် နှီးနှောဖလှယ်ပွဲ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်မည့် လူငယ်စွန့်ဦးတီထွင်ခြင်းနှင့် ဆန်းသစ်တီထွင်ခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒေသတွင်းနှီးနှောဖလှယ်ပွဲအား Hybrid စနစ်ဖြင့် ၂၂-၇-၂၀၂၂ ရက်နေ့မှ ၂၄-၇-၂၀၂၂ ရက်နေ့အထိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မဲခေါင်ဒေသမှ လူငယ်လုပ်ငန်းရှင် ၁၆ ဦးမှာ Virtual (online)ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှ လူငယ် လုပ်ငန်းရှင် ၃၀ ၊ ပြည်ထောင်စုဝန်ကြီးရုံးဦးစီးဌာန လုပ်ငန်းများမှ ကိုယ်စားလှယ် ၃၉ ဦး စုစုပေါင်း ၆၉ ဦးတို့မှာ Physical ဖြင့် တက်ရောက်ခဲ့ကြသည်။

 

ဝန်ဆောင်မှု (Service)၊ ကုန်ပစ္စည်းဖြန့်ချိရေး လမ်းကြောင်း (Marketing Channel)၊ ကုန်အမှတ် တံဆိပ် (Brand)၊ ဝယ်ယူသူနှင့် ချိတ်ဆက်မှု (Customer Engagement) တို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို စီးပွားရေးကျွမ်းကျင် ပညာရှင်များက ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

 

 တတိယအကြိမ်နှီးနှောဖလှယ်ပွဲ

 

ဒုတိယအသုတ် (၂၀၁၈)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တတိယအကြိမ်မြောက် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲ “Hybrid Seminar on Innovation & Young Entrepreneur- ship for Regional Development & Product Show” အခမ်းအနားကို ၂၆-၁၁-၂၀၂၂ ရက်နေ့မှ ၂၈-၁၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်ရှိ Grand Aster Villa တွင် ကျင်းပပြုလုပ်ပေးခဲ့ရာ ဒေသ အသီးသီးရှိ MSME လုပ်ငန်းရှင် ၁၀၅ ဦးတို့က အကောင်းဆုံးပြခန်းဆုရရှိရန် မိမိတို့ထုတ်ကုန် ပစ္စည်းများအား ယှဉ်ပြိုင်ရောင်းချပေးခဲ့ကြသည်။ နှီးနှောဖလှယ်ပွဲသို့ မဲခေါင်ဒေသမှ ကိုယ်စားလှယ် ၁၅ ဦးက Virtual ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့မှ ကိုယ်စားလှယ်များ၊ MSME ဌာနမှတာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ အရာထမ်း ၁၀၇ ဦးက in-person ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

 

နှီးနှောဖလှယ်ပွဲတွင် ဆန်းသစ်တီထွင်မှုအမျိုး အစားများဖြစ်သည့် အမြတ်ပုံစံ (Profit Model)၊ ကွန်ရက် (Network)၊ ဖွဲ့စည်းပုံ (Structure)၊ လုပ်ငန်းစဉ် (Process)၊ ထုတ်လုပ်မှုစွမ်းရည် (Product Performance)၊ ထုတ်ကုန်စနစ် (Product System)၊ ဝန်ဆောင်မှု (Service) ကုန်ပစ္စည်းဖြန့်ချိရေး လမ်းကြောင်း (Marketing Channel)၊ ကုန်အမှတ်တံဆိပ် (Brand) ဝယ်ယူ သူနှင့်ချိတ်ဆက်မှု (Customer Engagement)များကို သင်ယူခဲ့ပြီးဖြစ်သည့် လုပ်ငန်းရှင်များက မိမိတို့ တီထွင်ထုတ်လုပ်ထားသည့် ထုတ်ကုန်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြရာတွင် စီးပွား ရေးကျွမ်းကျင်ပညာရှင်များက ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ကြသည်။ စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးဆိုင်ရာကျင့်ဝတ်များ၊ ကိုယ်တိုင်စောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ စီးပွားရေးဆိုင်ရာ လိုက်နာကျင့်သုံးသင့်သည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အသိပညာများနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အသိပညာများကို ဆွေးနွေးပြောကြားခဲ့သည်။ နှီးနှောဖလှယ်ပွဲ နောက်ဆုံးနေ့တွင် ပြခန်းပြသခဲ့သည့် MSME လုပ်ငန်းရှင်များထဲမှ ပြခန်းအကောင်းဆုံးဆု ငါးဆုကိုလည်းကောင်း၊ ထုတ်ကုန်များအကြောင်း တင်ဆက်ပြသည့် MSME လုပ်ငန်းရှင်များထဲမှ တင်ဆက်ပြသမှုအကောင်းဆုံးဆု တစ်ဆု၊ ဒုတိယ အကောင်းဆုံးဆု တစ်ဆု၊ တတိယအကောင်းဆုံးဆု တစ်ဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။

 

ရရှိခဲ့သောအကျိုးကျေးဇူးများ

 

ဤစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ပေးခြင်းဖြင့် MSME လုပ်ငန်းရှင်များသည် မဲခေါင်-လန်ချန်းဒေသမှ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအကြား စွန့်ဦးတီထွင်ဆိုင်ရာကိစ္စရပ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကိစ္စရပ်များ သိမြင်လာမှု၊ မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများ၏ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအချင်းချင်း အသိပညာဝေမျှနိုင်လာ မှု၊ ဆန်းသစ်သောတီထွင်မှုများကို အသုံးပြုလာခြင်း ဖြင့် လူသားတို့၏ဘဝကို မြှင့်တင်ပေးနိုင်သောအခွင့် အလမ်းများတွေ့ရှိလာမှု၊ စားသုံးသူတို့၏ သဘောသဘာဝနှင့်စိတ်ကျေနပ်မှုရစေသည့် အချက်များကို သိရှိနားလည်လာမှု၊ MSME လုပ်ငန်းရှင်များအချင်း ချင်းတီထွင်ဆန်းသစ်မှုဆိုင်ရာ အသိပညာများ ဖလှယ်လာနိုင်မှုနှင့် စီးပွားရေးကွန်ရက်တွင် ပိုမိုချိတ်ဆက်လာနိုင်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် ဆန်းသစ်တီထွင်မှု၏ သဘောသဘာဝကို ပိုမိုထင်ရှားစွာသိရှိလာပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ မျှဝေနိုင်မှုကို နက်နက်နဲနဲသိရှိခဲ့ကြသည်။ ထို့အပြင် အစိုးရ-ပုဂ္ဂလိကကဏ္ဍနှင့် အဖွဲ့အစည်းတို့မှ ဆန်းသစ်တီထွင်မှုလှုပ်ရှားမှုများ ပူးပေါင်း ဆောင်ရွက်သင့်သည်ကို နားလည်သဘောပေါက် လာခြင်း၊ နှီးနှောဖလှယ်ပွဲမှ ရရှိသည့်အသိပညာများကို အသုံးပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် မိမိဆောင်ရွက်နေသော လုပ်ငန်း သဘောသဘာဝနှင့် လျော်ညီသည့် ဝန်ဆောင်မှုပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ခြင်း၊ ခေတ်မီနည်းပညာများ အသုံးပြု၍ ဆန်းသစ်တီထွင်မှု အလေ့အထများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ပြိုင်ပွဲသဘောပြုလုပ်ခဲ့ သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ပိုမိုစိတ်အားတက်ကြွစေပြီး ကြိုးစားအားထုတ်မှု တိုင်းသည် အောင်မြင်မှုကို ရှေးရှုနေကြောင်း လက်တွေ့ကျကျသိမြင်လာနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိခဲ့ကြသည်။

 

သက်ဆိုင်ရာ တာဝန်ရှိသူများက ဤကဲ့သို့စီမံ ကိန်းများ ပိုမိုရရှိရန် ကြိုးပမ်းအားထုတ်၍ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် အထောက် အပံ့ကောင်းများ ပံ့ပိုးကူညီပေးခြင်း၊ MSME ထုတ်ကုန်များ ဆန်းသစ်တီထွင်လာနိုင်စေရန်နှင့် လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ တိုးတက်အောင်မြင်လာစေရန် မူဝါဒလုပ်ငန်းစဉ်များကို ပြင်ဆင်ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် နည်းပညာ၊ စျေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခြင်းတို့ကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

 

ထိုသို့ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် MSME လုပ်ငန်းရှင်များသည် ဆန်းသစ်သော ပြည်တွင်း/ ပြည်ပပို့ ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ ထုတ်ကုန်များကို E-market Platformများပေါ်တွင် ရောင်းချခြင်းဖြင့် ဈေးကွက်ဝေစု ပိုမိုရရှိလာခြင်းကြောင့် မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများ ပိုမို ရှင်သန်အောင်မြင်လာမည်ဖြစ်သည်။ MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာ ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်လာနိုင် မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။