မထော်ရေတံခါး အကြီးစားပြင်ဆင်ပြီးဖြစ်၍ ရေကြီးနစ်မြုပ်မှုလျော့ပါးသက်သာကာ အောင်ရေ ထိန်းပေးနိုင်မည်   

ဖျာပုံ ၂၀ ဇွန်        

                                                                                        

ဖျာပုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲ (၄)မြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် ဖျာပုံမြို့နယ်၊ ဘန့်ဘွေးစုကျွန်းပတ်တာ၊ တာမိုင်(၆/၃) ရှိ မထော် ရေတံခါးအား အကြီးစားပြင်ဆင်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

 

“Top Slab(အပေါ်ကြမ်းခင်း) နိမ့်ကျတယ်။ Parapet wall(ရင်တားနံရံ) ကွဲအက်ပျက်စီးတယ်။ မြေထိန်းနံရံနဲ့ မြေကာနံရံတွေ ကွဲအက်ပျက်စီးပြီး ရေသွင်း ရေထုတ်နိုင်မှုလည်း မကောင်းတော့ဘူး။ အခြား ရေတံခါး(၆)လုံးက သာမန်ပြင်ထိန်းလောက်နဲ့ ထိန်းထားလို့ရပေမယ့် ဒီမထော်ရေတံခါးက အဲဒီလောက်နဲ့ မရဘူး။ အဲဒါကြောင့် ခုလိုအကြီးစားပြင်ဆင်ရတာပါ။ လုပ်ငန်းစတင်ရက်ကတော့ မတ်(၇)ရက်နေ့ဖြစ်ပြီး လုပ်ငန်းပြီးစီးတဲ့နေ့ကတော့ မေ(၃၁)ရက်နေ့ဖြစ်ပါတယ်။”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင် ဦး ကပြောသည်။

 

အဆိုပါရေတံခါးတည်ရှိသည့် ဘန့်ဘွေးစုကျွန်းပတ်တာသည် ဖျာပုံမြို့နယ်အတွင်းတည်ရှိပြီး ကျုံသူ အရှေ့ရေတံခါး၊ ကွင်းဝိုင်းရေတံခါး၊ အချန်ရေတံခါး၊ ကုလားပဲရေတံခါး၊ ထလွန်ရေတံခါး၊ သဲအိမ်ရေတံခါး စသည့်ရေတံခါး(၇)လုံး၊ အလျား(၂၆)မိုင်ဖြင့် (၁၉၈၅-၁၉၈၆)ခုနှစ်တွင် စပါး(၁)စီမံကိန်းမှ အောက်မြန်မာ ပြည်စပါးစိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ယခုအခါနှစ်ကာလ ကြာမြင့်ခြင်းနှင့် နာဂစ်မုန်တိုင်းဒဏ် ထိခိုက်ခံခဲ့ရခြင်းတို့ကြောင့် ချို့ယွင်းချက်များရှိလာခဲ့သဖြင့် ယခုကဲ့သို့ အကြီးစားပြန်လည်ပြင်ဆင်ရခြင်းဖြစ်ကြောင်း ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော် ၏ ပြောကြားမှုအရသိရသည်။

 

“မထော်ရေတံခါး ပြီးစီးသွားပြီဖြစ်တဲ့အတွက် မိုးရာသီကျွန်းတွင်း ပိုလျှံမိုးရေ(ကွင်းရေ)ကို သတ်မှတ် ပမာဏနဲ့ မျှတသလောက် ထုတ်နုတ်ပေးနိုင်မှာဖြစ်ပြီး ရေကြီးနစ်မြုပ်မှုကို အတိုင်းအတာတစ်ခုထိ လျော့ချ ပေးနိုင်မှာဖြစ်သလို နွေစပါးစိုက်ပျိုးမှုအတွက်လည်း အောင်ရေကို ပိုမိုလုံခြုံစွာထိန်းသိမ်းပေးထားနိုင် မှာဖြစ်တဲ့အတွက် အကျိုးပြုဧရိယာ(၁၁၃၀)ဧကကို အထောက်အကူပြုမှာသေချာပါတယ်”ဟု ရေတံခါး တည်ဆောက်ရေးနှင့် ဘန့်ဘွေးစုကျွန်းပတ်တာထိန်းသိမ်းရေး တာဝန်ခံ ဒု-ဦးစီးမှူး(မြို့ပြ)  ဦးကျော်ကျော် နိုင် ကပြောသည်။

 

“မထော်ရေတံခါးခုလို ပြင်ပေးလိုက်တာ စိုက်ရေးပျိုးရေးအတွက် တော်တော်အကျိုးပြုပါတယ်။ ကျနော်တို့ကွင်းက မိုးစပါး၊ နွေစပါး နှစ်မျိုးလုံးစိုက်တဲ့ကွင်းဖြစ်တဲ့အတွက် ရေကြီးနစ်မြုပ်မှာစိုးရိမ်ရသလို အောင်ရေမလုံလောက်မှာလည်း စိုးရိမ်ရပါတယ်။ ဒေသအတွက်တကယ်လိုအပ်တဲ့ လိုအပ်ချက်ကို ဖြည့် ဆည်းပေးလိုက်သလိုပါပဲ။ လာမယ့်ကာလ မိုးစပါးနဲ့နွေစပါး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ဖို့ မျှော်လင့်လို့ရပါပြီ။ ကျန်တဲ့ပေအစိတ်မြောင်းနဲ့ ချောင်းကောမြောင်းကောလေးတွေကိုလည်း တူးဖော်ပေးစေချင်ပါတယ်။” ဟု မိုးစပါး(၁၀)ဧကနှင့် နွေစပါး(၁၀ )ဧက စိုက်ပျိုးလုပ်ကိုင်သည့် ဘန့်ဘွေးစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းအေး က ပြောသည်။  

 

အဆိုပါမထော်ရေတံခါး အကြီးစားပြင်ဆင်မှုလုပ်ငန်းအား (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်၊ ဒု(၁၂)လ လုပ်ငန်းစာရင်းအပေါ် ဖျာပုံမြို့နယ်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်း သိန်း၏ အဆိုပြုလမ်းညွှန်မှုဖြင့် ဖျာပုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သံကူကွန်ကရစ်အမျိုးအစားဖြင့် ပြန်လည်အဆင့်မြှင့်ပြုပြင်ထားခြင်း၊ ရေသွင်းတံခါးရွက်နှင့် ရေထုတ်တံခါးရွက်များအား သံချေးတက်ခြင်းမှ ကာကွယ်နိုင်သည့် Stainless Steel ဖြင့် ပြုလုပ်ထားခြင်း၊ ယခင်ရေတံခါးပေါက်အရွယ်အစား (သုံးပေအချင်း-၃ပေါက်)အစား ယခု (လေးပေx လေးပေ-၃ပေါက်) ဖြင့် အဆင့်မြှင့်တည်ဆောက်ထားခြင်း စသည့်အစိတ်အပိုင်းများအား အကြီးစားပြုပြင်ထားသဖြင့် မိုးရာသီရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာ၍ နွေရာသီနွေစပါးစိုက်ပျိုးမှုအတွက် အောင်ရေ ထိန်းပေးနိုင်ကာ နှစ်ရှည် အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။      

 

                                                        
သပြေထွန်း

 

dgef