မှတ်တမ်းရုပ်ရှင်များတွင် Animation အသုံးပြုခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၁၄ ဇွန်

    
သြစတြေးလျနိုင်ငံသံရုံးနှင့် ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း (yfs)တို့ ပူးပေါင်း၍ မှတ်တမ်းရုပ်ရှင်များတွင် Animation ထည့်သွင်းအသုံးပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်၉နာရီခွဲက ရန်ကုန်မြို့၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနု ပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင် က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
    

ယင်းနောက် သြစတြေးလျနိုင်ငံသံရုံးမှ First Secretary Ms. Esther Sainsbury က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ကျင်းပမည့် Flickerfest ရုပ်ရှင်ပွဲတော်၌ မြန်မာ ရုပ်ရှင်ဇာတ်လမ်းတိုများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
     

ထို့နောက် သြစတြေးလျနိုင်ငံမှ ရုပ်ရှင်ထူးချွန်ဆုရ ကျွမ်းကျင်ပညာရှင်Ms. Marisa Martin က မှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရာတွင် အတိတ်က အဖြစ်အပျက် အကြောင်းအရာများ၊ စိတ်ကူးစိတ်သန်းများနှင့် အရှိအတိုင်းရိုက်ကူးရန်မလွယ်ကူသော အရုပ်များကို Animation ဖြင့် ဖန်တီးအစားထိုး တင်ဆက်နိုင်သည့် Documentary Film နှင့် Animation ပေါင်းစပ်ခြင်းဆိုင်ရာ သဘောတရားများကို animation ရုပ်ရှင် ဇာတ်ဝင်ခန်းများနှင့် စိတ်ဝင်စားဖွယ်ရာ အစိတ်အပိုင်းများကို ပြသကာရှင်းလင်း ဆွေးနွေးသည်။
    

ယနေ့ Animation ရုပ်ရှင်အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရုပ်ရှင် မျိုးဆက်သစ်များ၊ စိတ်ဝင်စားသူများ တက်ရောက်ဆွေးနွေးကြသည်။  

သတင်းစဉ်