မတ္တရာမြို့နယ် ဆိပ်သာကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

မတ္တရာ   စက်တင်ဘာ   ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်း သက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာပို့ဆောင်ရွက်နိုင်စေ ရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆိပ်သာကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်နေမှု အခြေအနေ များကို ယနေ့ နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်း၊ မတ္တရာမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် မြို့နယ်လုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ဆိပ်သာကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးဆွေးနွေးမှာ ကြားပါသည်။

 

အဆိုပါ ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လမ်းအရှည် ၁ မိုင် ၀ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် နှစ်ပေကိုး လက်မထုမြေသားနှင့် ကျောက်ရောမြေခင်းခြင်း၊ Pice Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးက်ရေးဦးစီးဌာန ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၆၈ ဒသမ ၇ သန်းဖြင့် တင်ဒါအောင်မြင် သည့် ကုမ္ပဏီက တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အဆိုကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ လယ်ယာထုတ်ကုန် ၁၇၀ ဧကကျော် အကျိုးပြုမည်ဖြစ်ကြောင်း မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်ထံမှ သိရသည်။

စိုးမိုးကျော်(ကျေး/လက်)