မတ္တရာ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း ယခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် နွေစပါးဧက ၂၅၀၀၀ ကျော် စိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်တွင် ဧက ၁၀၀၀၀ နီးပါး စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသတွင်း ဝမ်းစာဖူလုံစေရေးနှင့် ပိုလျှံသည့် စပါးများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်သည့်အတွက် စိုက်ပျိုးရန် ကျန်ရှိသည့် စိုက်ဧကများကို လာမည့်ဧပြီလတွင် အပြီးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ မျိုးကောင်း မျိုးသန့်များရရှိစေရန် ချိတ်ဆက်ပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်စေရေးအတွက် အသိပညာပေးခြင်း၊ ပိုးသတ်ဆေးများ သုံးစွဲနည်းနှင့် GAP စနစ်ဖြင့် စိုက်ပျိုးသည့် တောင်သူများကို မျိုးစေ့များ၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲသည့် တောင်သူများအတွက် လိုအပ်သည့် ကုန်ကြမ်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)


