မတ္တရာမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်

မတ္တရာ ဇွန် ၁

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေး သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအု်ပချု်ပရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းမှ  ယနေ့ဖွင့်လှစ်တဲ့သင်တန်းမှာ စိတ်ပါဝင်စားစွာ သင်ကြားလေ့ကျင့်ကြပြီး  အောင်မြင်တဲ့လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားစေလို ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းအဖြစ် ပန်းရံ သင်တန်းနှင့် လက်သမားသင်တန်းများဖွင့်လှစ်ရန် အစီအစဉ်များ၊ ယခုသင်တန်းတွင် သံချီသံကွေး နည်းပညာများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် သင်တန်းဆရာတစ်ဦးမှ သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ သင်တန်းလက်စွဲစာအုပ်အား သင်တန်းသားများကိုယ်စား သင်တန်း သားတစ်ဦးကို ပေးအပ်ခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှ သင်တန်းသား တစ်ဦးအား သင်တန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ  စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်း၌ ထူးချွန်သူများကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)