မတ္တရာမြို့နယ်၌ Mask Campaign ပြုလုပ်

မတ္တရာ  ဇူလိုင်  ၉

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနနှင့်  ပူးပေါင်း၍ နှာခေါင်းစည်း (၄၀၀၀)ခုကို စည်ပင်သာယာမြို့မစျေး၊ စည်ပင်ယာယီပျံကျစျေးနှင့် အမှတ်(၃)ရပ်ကွက်ရှိ ပျံကျစျေးတို့၌ စျေးသူ/စျေးသားများ၊ စျေးဝယ်သူများနှင့် စျေးအနီးဖြတ်သန်းသွားလာ နေသည့်ပြည်သူများအား နှာခေါင်းစည်းများကို အခမဲ့ပေးဝေပြီး မလိုအပ်ဘဲနေအိမ်ပြင်ပသို့ သွားလာခြင်းများ မပြုလုပ်ရေး၊ နေအိမ်ပြင်ပသို့သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေး ပြောကြားခဲ့သည်။ 

မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ၊ မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)