မတတ်သာ ခပ်ခွာခွာနေရမှာမို့...

ခင်နှင်းယု(ကြေးမုံ)

“လက်ကို ခဏ ခဏ ဆေးပါ…. လူစုလူဝေးရှောင်ရှားပါ….. နှာချေ၊ ချောင်းဆိုးလျှင် အုပ်ထားပါ …. ကိုယ့်ကိုကူးစက် သွားမှာ….. ဒါ လုံးဝ လုံးဝမကောင်းပါ... မိမိကစ ကာကွယ်ပါ…… ”

ဒီစာသား၊ ဒီသံစဉ်နဲ့ ဒီသီချင်းကို ကိုဗစ်-၁၉ ဆိုတဲ့ ကပ်ရောဂါပျံ့နှံ့စဉ်ကတည်းက ရုပ်မြင်သံကြားက ကြားခဲ့ရတာ အခုအချိန်အထိ လူကြီး၊ လူငယ်၊ ကလေးအားလုံးရဲ့ နှုတ်ဖျားတွင် စွဲထင်စေခဲ့တာပါ။ ဂီတအနုပညာဆိုတာကလည်း စွမ်းအားအကြီးသား။ ကျွန်မတို့မြန်မာ့သမိုင်း အစဉ်အဆက် ကဗျာ၊ လင်္ကာ၊ တေးသီချင်းတွေနဲ့ လွတ်လပ်ရေးကြိုးပမ်းစဉ်က အစ၊ မျိုးချစ်စိတ်ဓာတ် ထက်သန်စေရန် အလယ်၊ အထိမ်း အမှတ် နေ့ထူးနေ့မြတ်နဲ့တကွ အခုလို ကပ်ရောဂါဘေး ကာကွယ်ရေးသီချင်းအဆုံး ရင်ထဲကို ချက်ချင်းထိစေတဲ့ စွမ်းအားက အံ့မခန်းပါပဲ။

စည်းကမ်းတကျနေထိုင်ခဲ့ရ

ကိုဗစ်- ၁၉ ကပ်ရောဂါဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစလို့ ကမ္ဘာအနှံ့ ခရီးဆန့်ခဲ့တာဟာ အခုအချိန်အထိပျံ့နှံ့လို့ကောင်းတုန်းပင်။ ရောဂါစတင်ဖြစ်ပွား စဉ် ကတည်းက မတွေ့ရ၊ မမြင်ရပေမယ့် သူ့ရဲ့ခြောက် လှန့်မှုကတော့ သိစိတ်တွင်တစ်မျိုး၊ မသိစိတ်တွင် တစ်သွယ် ကြောက်ခဲ့ရသည်ကတော့ အမှန်ပါပဲ။ အပြင်ကို ထွက်မယ် ဆိုကတည်းက ကိုယ်စတင်ကိုင်တွယ်ထိတွေ့မိတဲ့အရာ၊ နေရာ၊ အချိန်၊ တွေ့ခဲ့တဲ့လူ၊ အသုံးပြုခဲ့တဲ့ ပစ္စည်းအားလုံးကို စိတ်ထဲက သတိနဲ့မှတ်နေမိတာက လည်း အကျင့်တစ်ခုလို ဖြစ်လို့နေပါပြီ။ နှာခေါင်းစည်း ဝတ်၊ စက္ကန့် ၂၀ ကြာ လက်ဆေး၊ လူစုလူဝေးရှောင်ပြီး ခပ်ခွာခွာနေရတာကလည်း ကျင့်သားရနေပါပြီ။

အပြင်က ပြန်လာတော့လည်း အိမ်မှာရှိတဲ့ပစ္စည်း တွေနဲ့ သားသမီး တွေကိုတောင် မထိရဲဘဲ ရေချိုးခန်းထဲ တန်းဝင် ခြေတွေ၊ လက်တွေဆေး၊ အသုံးအဆောင်တွေ လဲကာ သန့်ရှင်းရေး လုပ်ရတာကလည်း တာဝန်တစ်ခု လိုပါပဲ။

အိမ်ထဲဝင်စဉ် ကိုယ်လျှောက်ခဲ့တဲ့ လမ်း တစ်လျှောက်မှာများ ထိမိသေးလားဆိုတဲ့ သံသယနဲ့ မသိစိတ်ထဲက တင်းကျပ်မှုကြီးကို သယ်ပိုးရင်း စည်းကမ်း တကျနေထိုင်ခဲ့ရတဲ့အဖြစ်။ “မေမေလက်ဆေးဦးနော်” ဆိုတဲ့ အိမ်ထဲဝင်ဖို့ပြင်နေတဲ့ ကျွန်မကို အိမ်ထဲကနေ သတိပေးတဲ့ သမီးဖြစ်သူရဲ့ သတိပေးစကားသံကလည်း အပြင်ကပြန်လာတဲ့ ကျွန်မအတွက်တော့ နားထဲမှာ သတိပေးသံစဉ်တစ်ခုလို ဖြစ်လို့နေပါတယ်။ KG အရွယ် ကလေး ဖြစ်ပေမယ့် တီဗွီထဲကနေ သတိပေးတဲ့ ကိုဗစ်- ၁၉ နဲ့ပတ်သက်တဲ့သီချင်းတွေ၊ ဖေ့စ်ဘွတ်ထဲကနေ မြင်ဖူးတဲ့ tik tok ကစားနေကြတဲ့ သီချင်းတွေအစုံပါပဲ။ သူမို့မှတ်နိုင်တယ်။ ဖုန်းကြည့်နေတဲ့ သူ့အဖေကိုမြင်တာနဲ့ “ဒီနေ့ထပ်တွေ့သေးလား” ဆိုတဲ့ အမေးစကားကလည်း ဘယ်တော့မှမလွတ်စတမ်း။ ကျောင်းပိတ်ကတည်းက အိမ်ထဲမှာပဲနေရလို့ အညောင်းပြေလမ်းလျှောက်ရအောင် ဆိုတာတောင် “ဟာ...ရောဂါပိုးတွေ ဖြစ်နေတာလေ ကူးမှာမကြောက်ဘူးလား” တဲ့။ မည်သို့ပင်ဆိုစေကာမူ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းတယ် ဆို သလိုပဲ သူတို့လေးတွေ အခုလို သိတတ်လိမ္မာမှုအတွက် ကျေးဇူးတောင်တင်ရပါသေးတယ်။

အခုရက်ပိုင်းမှာတော့ ဖြေလျှော့မှုတွေနဲ့အတူ ရောဂါပိုးတွေ့လူနာအခြေအနေတွေလည်း လျော့ပါးလာ တယ်။ ကိုယ့်နိုင်ငံမှာ အခြေအနေကောင်းတာကို သိပေမယ့် စိတ်ကတော့ မလျှော့ရဲသေး။ ဒါကတော့ ကျွန်မတို့မိသားစုလေးရဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ စိတ်ခံစားချက် တစ်စိတ်တစ်ပိုင်းပေါ့လေ။ ဒီလိုပါပဲ ပြည်သူ တွေအနေနဲ့လည်း ဒီကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ စိတ်ခံစားချက်တွေ အမျိုးမျိုးအဖုံဖုံနဲ့ ဘဝရှင်သန်ရပ်တည် ရေးအတွက် ကြိုးစားရုန်းကန်နေကြရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

အဘက်ဘက်က ပံ့ပိုးမှုများ

နိုင်ငံတော်အစိုးရအနေနဲ့လည်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်သင့်တဲ့ကိစ္စမှန်သမျှကို အချိန်နဲ့တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေအတွက် အခြေခံစားသောက်ကုန်တွေကို အချိန်နဲ့တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ခဲ့သလို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် တကယ့်လက်တွေ့နယ်ပယ်မှာ လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတ အဖွဲ့တွေ၊ ပြည်သူတွေ၊ တာဝန်ရှိသူတွေနဲ့ ဗီဒီယိုကွန်ဖရင့် စနစ်နဲ့ ချိတ်ဆက်ပြီး ဆွေးနွေးကာ လိုအပ်တဲ့အကူ အညီတွေ၊ နည်းလမ်းတွေ ညွှန်ကြား၊ အကြံပြု၊ ကူညီ ထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေတာဟာလည်း အားရစရာပါ။

Stay Home နှင့် ကဏ္ဍပေါင်းစုံ

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း လူသားချင်း တူပေမယ့် တာဝန်သိစိတ်ရဲ့ စေ့ဆော်မှုအရ အများသူငါ ကြောက်ရွံ့တဲ့ ကိုဗစ်ကို Stay Home မနေဘဲ ရှေ့တန်းက ထွက်ပြီး ရဲရဲရင့်ရင့် ရင်ဆိုင်ခုခံ ကာကွယ်ရင်း ပြည်သူတွေရဲ့ ထိတ်လန့်မှုကို သူတို့တတ်တဲ့ပညာနဲ့ အစွမ်းကုန် အားသွန် ခွန်စိုက်ကုသ၊ စောင့်ရှောက်ပေးနေတာကလည်း ဂုဏ်ယူ စရာပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ စွမ်းစွမ်းတမံပါဝင် ခဲ့ကြတဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့တွေ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွေနဲ့ ဌာန ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ လူမှုရေး အဖွဲ့ တွေ၊အလှူရှင်တွေ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ အားလုံး အားလုံးကလည်း သူ့နေရာနဲ့သူ လက်တွဲညီညီ ကြိုးပမ်း မှုတွေဟာ သမိုင်းတစ်ခေတ်ရဲ့ ကမ္ပည်းမှတ်တိုင်ပါပဲ။

မည်သို့ပင်ဆိုစေ ဒီကပ်ရောဂါကာလအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်းတွေကနေတစ်ဆင့် သီချင်းတွေ၊ ကြော်ငြာတွေ၊ သတိပေးစကားတွေ စတဲ့ လှုပ်ရှားမှု မျိုးစုံနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုလို့ နေကြပါ တယ်။ Stay Home ပြည်သူတွေ ကျန်းမာရေးနဲ့ ညီစေဖို့ အစားအသောက်ကဏ္ဍ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းကဏ္ဍ၊ အိမ်တွင်းမှုပညာကဏ္ဍတွေကို တစ်မျိုးပြီးတစ်မျိုးမရိုးရအောင် စီစဉ်တင်ဆက်ပေးနေတာ တွေကလည်း Stay Home ကာလမှာ ဘဝင်ခိုက် စရာပါ။

နေ့စဉ်နဲ့အမျှ ကမ္ဘာနဲ့ မြန်မာမှာ ဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းစကားတွေအပြင် အချိန်နဲ့တစ်ပြေးညီ ပညာပေးလှုံ့ဆော်မှုတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေတာကလည်း အုတ်တစ်ချပ် သဲတစ်ပွင့် ပမာပါ။

အခုဆို ဖြေလျှော့မှုတွေအရ တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်ဖွင့်ဖို့ပြင်ဆင်ကြသလို တောင်သူတွေလည်း စိုက်ပျိုး ရေးလုပ်ငန်းတွေ စတင်စိုက်ပျိုးနေကြပါပြီ။ သစ်တော ဦးစီးဌာနက အိမ်ခြံဝင်းဥယျာဉ်နဲ့ မိုးရာသီသစ်ပင် စိုက်ပျိုးမှုတွေအတွက် မျိုးစေ့တွေနဲ့ပျိုးပင်တွေ ထောက်ပံ့ပေးနေသလို သမဝါယမဦးစီးဌာနကလည်း စပါးမျိုးစေ့တွေကို ဈေးနှုန်းချိုသာစွာနဲ့ ဖြန့်ဝေပေး နေတာတွေ၊ စက်မှုလယ်ယာဦးစီးဌာနကလည်း အချိန်မီစိုက်ပျိုးနိုင်ဖို့ စက်တွေနဲ့ အားဖြည့်ပေးနေတာ တွေဟာလည်း ပီတိဖြစ်စရာပါ။

ဒီကိုဗစ်-၁၉ ဆိုတဲ့ ကပ်ရောဂါဆိုးကြီးဟာ ဘယ်အချိန်၊ ဘယ်ကာလမှာ ကင်းစင်ပပျောက်သွား မယ်ဆိုတာ ဘယ်သူမှမပြောနိုင်သလို ဘယ်လောက် အထိ ကူးစက်မှုတွေ ရှိနေမှာလဲဆိုတာလည်း မသိနိုင် ပါဘူး။ လက်ရှိကာလမှာတော့ နှာခေါင်းစည်းဝတ်ခြင်း၊ လက်ဆေးခြင်းနှင့်အတူ မတတ်သာလို့ ခပ်ခွာခွာ နေထိုင်ကြရင်း ကပ်ရောဂါဆိုးကြီးအား ရင်ဆိုင် ကျော်လွှားကြပါစို့လို့ သတင်းစကားပါးလိုက်ရ ပါတယ်။