မတူကွဲပြားခြင်းနှင့် ဒီမိုကရေစီ

၁၇ နိုဝင်ဘာ

ဒီမိုကရေစီစနစ်သည် အများစု၏သဘောထားကို သဘောတူ အကောင်အထည်ဖော်ရခြင်းဖြစ်၏။ ယင်းသည် အနည်းစု၏ သဘော ထားကို လျစ်လျူရှုခြင်းမဟုတ်။ အနည်းစုသည် မိမိတို့၏ သဘော ထားကို ဖော်ထုတ်တင်ပြခွင့်ရှိသည်။ အများနှင့် မတူညီသည့်တိုင် မိမိတို့သဘောထားကို ပြောဆိုငြင်းချက်ထုတ်ခွင့်ရှိသည်။ အပြန် အလှန် ဆွေးနွေးညှိနှိုင်းခွင့်လည်းရှိသည်။ အနည်းစု၏ သဘောထား ကို မှတ်တမ်းတင်ထားခွင့်လည်းရှိသည်။

ဤဖြစ်စဉ်တွင် အခရာကျသည်က ယဉ်ကျေးမှုဖြစ်၏။ မတူညီ သော သဘောထား အယူအဆတို့ကို ဆွေးနွေးကြသည့်အခါ အားလုံးက အလေးထားနားထောင်ရ၏။ မတူသည်ကို ပြန်လည် ဆွေးနွေးငြင်းခုံကြ၏။ တစ်ဖက်သတ်မဟုတ်၊ အပြန်အလှန် ဖြစ်၏။ နှစ်ဦးနှစ်ဖက် သဘောတူ မျှရေးကို ကြိုးစားဆွေးနွေးကြခြင်း ဖြစ်၏။ ဒီမိုကရေစီအလေ့အထ ရင့်ကျက်လာသည်နှင့်အမျှ ငြင်းခုံခြင်းက အဓိကမဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နားလည်လာကြရေးနှင့် အဖြစ် နိုင်ဆုံး ညှိနှိုင်းရင်း လိုအပ်ပါက အလျှော့အတင်း လုပ်ရင်း အဖြေ ရရေးက ပဓာနဖြစ်လာ၏။

ဆွေးနွေးကြရာတွင်လည်း ဆွေးနွေးသည့် ပင်မအကြောင်းအရာနှင့် မဆိုင်သည်ကို မပြော၊ ပင်မအကြောင်းနှင့် မဆိုင်သော ပုဂ္ဂိုလ် ရေးကို မပြော၊ ညှိနှိုင်းမှုပျက်ပြားသွားစေနိုင်လောက်သည့် ပြင်းထန်သော ဆွေးနွေးခြင်းများကို အတတ်နိုင်ဆုံးမပြော စသည့်ဒီမိုကရေစီ အလေ့အကျင့်တို့ကို ဂရုထား၏။ အထူးအလေးထားကြသည်မှာကား ဒေါသကို ထိန်းခြင်းဖြစ်ပါသည်။ ဆွေးနွေးမှုတွင် ဒေါသမလိုအပ်။ သည့်ထက်ပိုကာဆိုရလျှင် ဆွေးနွေးမှုတွင် ဒေါသဖြင့် မဆွေးနွေးသင့်။ ရံခါတွင် ဒေါသဖြင့် သာမက တစ်ဖက်သားကို အင်အားဖြင့် ဖိနှိပ် နှိမ်ချပြောဆိုခြင်းတို့ကလည်း ပါဝင်သူ များ၏ ဆွေးနွေးလိုစိတ်လျော့ ပါးသွားတတ်သည်ကို သတိပြုသင့်၏။ ဒီမိုကရေစီဘောင်တွင်း ၌ မတူညီမှုများ ကွဲပြားခြားနားမှုများကို ညှိနှိုင်းဆွေးနွေးလိုစိတ် ရှိအောင်၊ ဆွေးနွေးချင်လာအောင် ထိန်းသိမ်းပြောဆိုခြင်းဟု ဆိုရပါမည်။

ဆွေးနွေးငြင်းခုံကြရင်း ညှိနှိုင်းအဖြေရှာခြင်းအစား တစ်ဖက်နှင့် တစ်ဖက် ကိုယ်အနိုင်ယူလိုမှု သက်သက်၊ စကားအရဖြစ်စေ နိုင်ရ ပြီးရော ဆိုသည့်သဘောသက်သက်ဆီသို့ ဦးတည်သွားတတ် လေ့ ရှိ၏။ ဤသည်ကို ဂရုစိုက်ပြုပြင်ခြင်းသည်ပင် ဒီမိုကရေစီ၏ အားသာ ချက် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်သည် မိမိနှင့် သဘောထားမတူညီ သူတို့ကိုရန်သူအဖြစ် သဘောထားကာ တရားမဲ့ ဥပဒေမဲ့ အနိုင်ယူလို ခြင်းကို ကာကွယ်တားဆီးပေးခြင်းပင် ဖြစ်ပါသည်။

အချို့သော ဆွေးနွေးညှိနှိုင်းမှုကို အယုံအကြည်မရှိသူများ၊ ဒီမိုကရေစီစနစ်၏ ဘောင်အတွင်းတွင် မနေလိုသည့် အင်အားစုတို့ လည်း ရှိတတ်ပါသည်။ မိမိသဘောထားနှင့် မတူမျှပါက အကြမ်း ဖက်လိုကြ၏။ မိမိသာအမှန်၊ မိမိနှင့် သဘောထားချင်း မတူသူ၏ အယူအဆကို နားမထောင်ချင်။ မိမိထံလာရောက် ကွဲလွဲမည့်သူ များကို တံခါးဖွင့်မပေးလို။ သည့်ထက်ပြင်းထန်လာပါက မတူသူကို မဲဇာပို့မည်ဟူသည့် အယူအဆဖြစ်ပါသည်။

ယင်းကိုပင် အာဏာရှင်စနစ်ဟု ကင်ပွန်းတပ်ခြင်း ဖြစ်ပေသည်။ အာဏာရှင်စနစ်သည် မတူကွဲပြားမှု ကို ရပ်တည်ခွင့်ပင် ပေးလေ့မရှိ။

တစ်ပါတီအာဏာရှင်စနစ်ဆိုသည်မှာ မိမိတို့ တစ်ပါတီတည်းသာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ရှိ၏။ မိမိတစ်ပါတီမှလွဲလျှင် အခြားမည်သည့် ပါတီမှ ထောင်ခွင့်မပြု။ မိမိတို့တစ်ပါတီတည်းက သာပြောဆိုဆွေးနွေးခွင့်ရှိ၏။ အခြားနိုင်ငံရေးပါတီ သို့မဟုတ် အခြား မည်သူမှ နိုင်ငံရေးသမားအဖြစ် ရပ်တည်ခွင့်မရှိ၊ မိမိတို့တစ်ပါတီ တည်းကိုသာ လူထုကရွေးချယ်ခွင့်ရှိခြင်းကို ဆိုလိုပါသည်။ မိမိတို့ ပါတီက နိုင်ငံရေးသမားကိုသာ ရွေးချယ်ခွင့်ပေးမည်။ အခြားသူများ နိုင်ငံရေးပါတီမထောင်ရ၊ နိုင်ငံရေးသမား မလုပ်ရ။

ထို့ကြောင့်လည်း ဒီမိုကရေစီစနစ်ကိုသာ ပြည်သူလူထုက ထူထောင်လိုခြင်းဖြစ်၏။ ဒီမိုကရေစီ စနစ်အောက်တွင်သာ မတူ ခြားနားသူတို့၏အသံနှင့် လိုလားချက်သဘောဆန္ဒတို့ကို နာခွင့်ကြားခွင့် ရမည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးစုံဖြင့် ဖွဲ့စည်း ထားသောနိုင်ငံသည် ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအလေ့အကျင့် ဖြင့်သာ ရှင်သန်တိုးတက်နိုင်မည်ဟု ယုံကြည်ပါသည်။

ဒီမိုကရေစီစနစ်သည် မတူကွဲပြားမှုများကို ရန်သူအဖြစ် သတ်မှတ်ချေမှုန်းခြင်းမဟုတ်။ မတူ ကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်း ခြင်းဖြင့် ညီညွတ်ရေးတည်ဆောက်ခြင်းဖြစ်၏။ စည်းလုံး ညီညွတ်သော ပြည်ထောင်စုသည်သာ တိုးတက်ဖွံ့ဖြိုးသာယာ ငြိမ်းချမ်းနိုင် မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ