မုဒုံမြို့နယ် ပြည်သူ့ဆေးရုံအတွက် Oxygen Concentrator စက်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

မုဒုံ သြဂုတ်

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများအတွက်   အောက်စီဂျင် အရေးပေါ်လိုအပ်ပါက အခက်ခဲမရှိ အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှု ကုသပေးနိုင်ရန်နှင့် လိုအပ်သောဆေးဝါးများ ဝယ်ယူနိုင်ရန်အတွက် Oxygen Concentrator စက်များနှင့် အလှူငွေများကို မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ သြဂုတ် ၆ ရက်က လာရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် မြို့နယ်အတွင်းမှ စေတနာရှင်အလှူရှင်များက Oxygen Concentrator စက်ငါးလုံးကို လည်ကောင်း၊ လိုအပ်သောဆေးဝါးများ ဝယ်ယူနိုင်ရန် အတွက်အလှူငွေကျပ် (၅၀၀၀၀၀)ကိုလည်ကောင်း၊ အောက်ဆီဂျင်အရည် ဖြည့်သွင်းနိုင်ရန်နှင့် အောက်ဆီဂျင် ၄၀ လီတာ ဆာလင်ဒါအိုးအသစ် ဝယ်ယူနိုင်ရန်အတွက် အလှူ ငွေကျပ် (၆၀၀၀၀၀) ကိုလည်ကောင်း  အသီးသီး လာရောက်လှူဒါန်းခဲ့ရာ မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က လက်ခံကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း သြဂုတ် ၆ ရက်ထိ (၇၁၈) ဦးရှိကာ အတည်ပြုလူနာများအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၅၆၆) ဦးရှိပြီး သေဆုံသူ (၂၉) ဦးရှိကြောင်း မုဒုံမြို့နယ် ပြည်သူ့ဆေးရုံမှ သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)