မုဒုံမြို့နယ်၌ ဘာသာရေး၊ သာသနာရေးနှင့် နိုင်ငံတော်အတွက် အဖိုးတန် တွင်းထွက်သယံဇာတ ရတနာပစ္စည်းများလှူဒါန်း

မုဒုံ ဧပြီ ၃၀

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး တည်တံ့ခိုင်မာစွာ ထွန်းလင်းတောက်ပစေရန်၊ ဘာသာရေး၊ သာသနာရေးနှင့် နိုင်ငံတော်ကြီးအတွက် တွင်းထွက်သယံဇာတ ရတနာပစ္စည်းများ လှူဒါန်းခြင်းကို ဧပြီ ၂၉ ရက်က မြို့မ(၃)ရပ်ကွက်ရှိ အသောကာရာမကျောင်းတိုက်၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်​ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇ ဓမ္မာစရိယ ဝိနယပါဠိပါရဂူ အသောကာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်မင်္ဂလာဘိဝံသအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးထံတွင် နှစ်ရှည်လများ ထိန်းသိမ်းလာခဲ့သော အဖိုးတန် တွင်းထွက်သယံဇာတ ရတနာပစ္စည်းများဖြစ်သည့်  မိုးကုတ်တွင်းထွက် ရတနာပစ္စည်း (၂)မျိုး၊ B.G ကျောက် ၂၄ လုံး၊ ကျောက်နီရောင်စုံသေး တစ်ထုပ်၊ ကျောက်စိမ်းသေးရောင်စုံ တစ်ထုပ်၊ အစိမ်းရောင်လုံး တစ်လုံး၊ ရမ်းရောင်ကျောက်အကြမ်း တစ်ထုပ်၊ ဆင်မြီးကျောက်ပါ လက်ကောက်တစ်ခုနှင့် ဆွဲကြိုး တစ်ခု၊ မဟူရာအမဲ သုံးခု၊ ကျောက်စိမ်းပြား သုံးပြား၊ ရွှေရောင်ပါကျောက်ဖြူလုံးချော ၁၈ လုံး၊ ခရမ်းချိုချဉ် အနီရောင်ကျောက် ခုနစ်လုံး၊ မျက်နှာတော်ပုံကျောက်နီ တစ်ခု၊ ကျောက်စိမ်းအရိုင်းတုံး တစ်တုံး၊ သလင်းရိုင်းတုံး တစ်တုံး၊ နီလာသေးလုံးချောများ တစ်ထုပ်၊ ကြောင်ကျောက်လုံးချော သုံးလုံး၊ ကျောက်စိမ်းအရိုင်းတုံးအသေး ၁၃ လုံး၊ ကျောက်နီအရိုင်းတုံး ခြောက်တုံး၊ အစိမ်းရောင်ရေခဲသားကြီး တစ်လုံး၊ အသေးတစ်လုံး (၁၈)မျိုးနှင့် အခြားတွင်းထွက် ပစ္စည်း(၆)မျိုး စုစုပေါင်းတွင်းထွက်ရတနာ (၂၆)မျိုးတို့ကို နိုင်ငံတော်သို့ လိုအပ်သည့်နေရာတွင် အသုံးပြုစေနိုင်ရန်အတွက် ဆရာတော်ကြီးက ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လက်ခံခဲ့သည်။

 

ဆက်လက်၍ လှူဒါန်မှုအစုစုတို့အတွက် ဆရာတော်ကြီးနှင့် ကျောင်းဒါယကာများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်အပေါင်းတို့က အမျှပေးဝေကာ သာဓုသုံးကြိမ်ခေါ်ဆို၍ လှူဒါန်းပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သားငယ် (ပြန်/ဆက်)