မုန့်ဟင်းခါးစားတတ်သူ၊ တောင်တက်ကောင်းသူများ ဖြစ်ကြပါစေ

စာကြီးသား (ပနီပင်)

 

ခြေဆင်း
မြန်မာပြည်မှာနေသူများပေမို့ လူတိုင်းလူတိုင်း မကြိုက်သည့်တိုင် “မုန့်ဟင်းခါး”တော့ စားဖူးကြမှာ သေချာသည်။ ”မုန့်ဟင်းခါး” မကြိုက်သူလည်း ရှားလိမ့်မည်။ “မုန့်ဟင်းခါး” ဆိုသည့်အတိုင်း ပညတ်သွားရာ ဓာတ်သက်ပါသည်။ “မုန့်” ဟူသော ပုဒ်(မုန့်ဖတ်)နှင့် “ဟင်းခါး” ဟူသောပုဒ် ပုဒ်နှစ်ပုဒ် ပေါင်းထားသည်။ မုန့်ဟင်းခါးကောင်းဖို့ ထိုပုဒ်နှစ်ပုဒ်လုံး ကောင်းဖို့တော့ လိုသည်။ မုန့်ဟင်းခါးစားသည့်အခါ ပုဒ်နှစ်ခုကိုပေါင်းသည့် မုန့်ဟင်းခါးကို အရည်သက်သက်၊ အဖတ်သက်သက် စားသူ မတွေ့ဖူးသေး။

ကျွန်တော်လည်း သည်လိုမစား။ ရောမွှေပြီးစားမှ အရသာရှိသည်လေ။ မုန့်ဖတ်အရသာကတော့ ပုံသေမို့မည်သူကမျှ မုန့်ဖတ်နည်းနည်းလောက်ဟု အဆစ်မတောင်း။ အရည်အရသာကျတော့ ဒေသချက်နည်း၊ ထည့်သည့်တန်ဆာပလာ ပြောင်းလဲမှုရှိ၍၊ “ဟင်းရည်နည်းနည်းလောက်”ဟု ထပ်မံတောင်း၍ သောက်သည်က များသည်။ အစုံရောနှော စုစည်းနယ်ဖတ်ထားသည့် အသုပ်စုံနှင့် နှစ်မျိုးသာရောသည့် မုန့်ဟင်းခါးစားပုံ၊ အရသာခံပုံ မတူသည်ကို သတိချပ် စေလိုပါသည်။

အဓိပတိ၊ အိမ်ဦးနတ် သို့မဟုတ် Bread Winner 
သည်နေရာမှာတော့ ကျွန်တော့်ကိုယ်ကျွန်တော်သာ ဥပမာပေးလိုသည်။ ကျွန်တော် တပ်ထဲတွင် နေစဉ်က ကျွန်တော့်တပ်စု၊ ကျွန်တော့်တပ်ခွဲတွင် ကျွန်တော်က ခေါင်းဆောင်ဖြစ်သည်။ အဓိပတိဖြစ်သည်။ ခေါင်းဆောင်ဖြစ်သည်နှင့်အညီ ဦးဆောင်နိုင်စွမ်း ပြရသည်။ အရည်အချင်းရှိကြောင်း ပြရသည်။ သေနတ်သံကြားတာနဲ့ မြေကြီးကို မျက်နှာအပ်ကာ နှာခေါင်းဖြင့် ဝပ်ကျင်း (မြေတွင်ဝပ်၍ တစ်ဖက်ရန်သူကို ပစ်ခတ်နိုင်သောကျင်း) တူးနေသော ဘယ်အဓိပတိ၊ ဘယ်ခေါင်းဆောင်ကိုမျှ လက်အောက်ငယ်သားများက မခန့်ညား၊ မလေးစား။ ရန်သူကို တိုက်ပြရသည်။

ရန်သူက တိုက်လာလျှင် အကျအဆုံး အနည်းဆုံးဖြစ်အောင် စွမ်းဆောင်ကာ ကျည်လွတ်နယ်မြေသို့ ငယ်သားများကို ဆွဲထုတ်ပြရသည်။ “တက်”ဆိုသော အမိန့်နဲ့အတူ ကိုယ်ကလည်း သူတို့နဲ့အတူ ရင်ဖွင့်ကာ ပစ်တက်တက်ရသည်။ သေအတူ၊ ရှင်မကွာဖြစ်သည်။ သူတို့စားသလို ဟန်းဂေါနဲ့ စားသည်။ ဟင်းကလည်း အတူတူ။ ကောင်းတဲ့ အသားလေးတော့ ခေါင်းဆောင်မို့ သူတို့ကြည်ညိုလျှင် ပိုကျွေးသည်။ ဒါကိုလည်း ဖဲ့ရွဲ့ကာ သူတို့နဲ့ ဝေမျှစားရသည်။ သူတို့မိသားစုတွေကိုပါ စိတ်ဝင်စားရသည်။ ကူပံ့ရသည်။ ဒါက ခေါင်းဆောင်ဖြစ်သည်။

အိမ်ဦးနတ်ဖြစ်တော့လည်း အခြေခံဥပဒေသများက အတူတူ။ လုပ်နည်းတော့ နည်းနည်းကွာသည်။ သူ့အရပ်သူ့ဇာတ် ဖြစ်သည်။ သူကတော့ နည်းနည်းသိမ်မွေ့သည်။ တစ်သွေး တစ်သံ တစ်မိန့်မရ။ အခြေအနေမှန်ကို ချပြရသည်။ နားလည်အောင် လုပ်ပေးရသည်။ သူတို့အကြံဉာဏ်ကို ရယူရသည်။ အသုံးတည့်အောင် သုံးပြရသည်။ ဒါလည်း ကိုယ်တွေ့ ဥပမာ ပြောပြလိုသည်။ ကျွန်တော့်သား ဆယ်တန်းအောင်တော့ နိုင်ငံခြားဘာသာတက္ကသိုလ်အင်္ဂလိပ်စာဘာသာ အဓိကဖြင့် ကျောင်းတက်သည်။ ဆေးကျောင်းမီသော်လည်း သူ့အမေ၏ စီးပွားရေးအကြောင်း ပြချက်က ခိုင်လုံ(လက်ခံနိုင်ဖွယ်ရှိ)သဖြင့် မတက်စေခဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်၌ တစ်နှစ်သာ ကျောင်းတက်သည်။ စင်ကာပူရှိ Polytechnic တက်ရန် လွှတ်လိုက်သည်။ အသက် ၁၆ နှစ်သာသာ၊ Culture shock (ယဉ်ကျေးမှု ဓလေ့ထုံးစံ ကွာဟသည့် ထိုးနှက်မှုဒဏ်)၊ Security defi ciency (ငွေကြေး၊ အစားအသောက်ချို့တဲ့မှုကို ဆိုလိုသည်) တို့ကို သားကြီး တော်တော်ခံရသည်။ ကျွန်တော်တို့က ၂၀ဝ၄-၂၀ဝ၅ ဝန်းကျင်တွင် သူ့ကို တစ်လလျှင် ငွေကျပ်ငါးသိန်း ပို့ရသည်။ အိမ်ခန်းငှားလို့ရတာ၊ ချွေတာရတာထဲက သူ့ကိုပုံပေးရသည်။ “အဖေ သား ဒီမှာ မနက်၊ ည တစ်နပ်စာ စင်ကာပူဒေါ်လာ တစ်ကျပ်ခွဲ (၁ ဒသမ ၅ ဒေါ်လာ)နဲ့ စားရတာ မဝဘူးအဖေရယ်။ အိမ်လခ၊ ကျောင်းလခ၊ ကားခ၊ ဘာညာတွေကလည်း များတယ်၊ သားကို တိုးပြီးပို့ပါနော်” ဟု ရင်နင့်ဖွယ် အသနားခံသည်။

သည်မှာ ကျန်ခဲ့သော ကျွန်တော်တို့ သားအမိသား အဖသုံးယောက်လည်း မဝရေစာ စားနေရတာကို သူသိအောင် ပြောပြလိုက်သည်။ “အဖေ ပရိုက်ဗိတ် တက္ကစီဆွဲကြည့်မယ်။ ပိုရင်ပို့မယ်နော် သားကြီး” လို့ ပြောခဲ့သည်။ အဲသည့်အချိန် ကျွန်တော် ညွှန်ကြားရေးမှူး ဖြစ်နေပြီ။ သူ ထပ်မတောင်းတော့။ ကားထွက်မဆွဲရန် သူကပြန်ပြီး မေတ္တာရပ်သည်။ နှစ်ဖက် အပြန်အလှန် နားလည်မှုရသွားသည်။

သူက စားသောက်ဆိုင်တွင် အချိန်ပိုင်းစားပွဲထိုး လုပ်သည်။ ရသည့်ငွေနှင့် လိုအပ်ချက်ဖြည့်သည်။ စားတာ ကတော့ တစ်နပ်တစ်ကျပ်ခွဲ။ ကျွန်တော်တို့က ပိုပြီးချွေ တာကာ နည်းနည်းတိုးပြီး ပို့လိုက်သည်။ “သားကျောင်းပြီးလို့ အလုပ်ရမှ ကောင်းကောင်းစားပေါ့သား”ဟု ပြောလိုက်သည်။ အခု သားကြီး အလုပ်ကောင်းရသည်။ မနက်စာ တစ်နပ်ကို ၁၅ ကျပ်ဖိုးလောက် စားသည်။ အရပ် ၆ ပေ၊ ပေါင် ၂၃၀ ကျော်သည်လေ။ စားမှရမည်။ ဒါက ဥပမာတစ်ခုသာ။ ကျွန်တော် ပြည်ပသို့ တာဝန်ဖြင့်သွားတိုင်း ကျွန်တော့်အတွက် ဘာမျှမဝယ်။ လိုချင်တာတော့ တစ်ပိုင်းသေ။ သူတို့အတွက်သာ ဝယ်သည်။ ကျွေးသည်။ ပြောပြသည်။ အခုတော့ သူပို့သည့်ငွေနှင့် စားရသည်။ ပို့သောပစ္စည်းများ သုံးရသည်။ ကျွန်တော် နားလည်သည့် (ပြောချင်သည့်) “ခေါင်းဆောင်”က ဒါပဲဖြစ်သည်။

အခက်အခဲဆိုတာ တွေ့ကြုံရမြဲဖြစ်သည်။ အခက်အခဲတွေ့တိုင်းလည်း လက်မြှောက်၊ မှိုင်တွေချစရာမလို။ ခက်ခဲမှု၊ စိန်ခေါ်မှုကို အခွင့်အလမ်းတစ်ရပ်အဖြစ် ပြောင်းတတ်ဖို့လိုသည်။ ပြောင်းနိုင်စွမ်းလည်း ရှိရမည်။ Change Challenge to Opportunity ဖြစ်ရမည်။ “တောင်ကြီး ဖဝါးအောက်” ဖြစ်သည်။ “တောင်” ဆိုသည်မှာ စိတ်ဓာတ်နှင့် အရည်အချင်းကို မြှင့်တင်ပေးရန် သဘာဝက ဖန်တီးထားသော “သက်မဲ့ရုပ်” တစ်ခုမျှသာ။

ထိုသက်မဲ့ ရုပ်ဝတ္ထုကိုကျော်ဖို့ ကျွန်တော်တို့ သက်ရှိလူများ ဉာဏ်ပညာအမြော်ကြီးဖို့၊ နားလည်မှုရှိဖို့၊ ခေါင်းဆောင်မှု အရည်အချင်းရှိဖို့၊ အခြေအနေတစ်ရပ်ကို ခေါင်းဆောင်ရော ငယ်သားများပါ အရင်းမြစ်အစကို ဂဃနဏ နားလည်ဖို့၊ ထက်အောက် အပြန်အလှန် နားလည်ဖို့၊ လေးစားဖို့၊ အောင်မြင်မည့် အချိန်အခါကို နားလည်ဖို့ အများကြီး (အများကြီး) လိုပါသည်။

ဇာတ်သိမ်း
ကျွန်တော်တို့ မြန်မာပြည်သားတွေ မုန့်ဟင်းခါးကို စားတတ်ဖို့ လိုသည်။ အရည်ကို အရည်သက်သက်၊ အဖတ်ကို အဖတ်သက်သက် စားနေလို့ကတော့ သွေးတိုးသည်သာ အဖတ်တင်မည်။ အရသာကောင်း မခံစားရနိုင်။ သက်မဲ့ရုပ်ဝတ္ထု “တောင်”ကို ကျော်ဖို့ ကျွန်တော်တို့ သက်ရှိလူသားတွေ “အရည်အသွေး၊ အရည်အချင်း၊ ဇွဲ၊ စိတ်ဓာတ်၊ ပူးပေါင်း ဆောင်ရွက်မှု” စသည် စသည်များစွာလိုသည်။ ဒါတောင်မှ “ရိုးရိုးတောင်” ကေို ကျာ်ရန်သာဖြစ်သည်။ ဆရာမြသန်းတင့် အလိုအရ “ဓားတောင်နှင့် မီးပင်လယ်” များကို မှန်းဆမြင်နေရပြီ။ သည်လို “ဓားတောင်နှင့် မီးပင်လယ်ကိုဖြတ်ရန်” သံချောင်းလို “ခေါင်းဆောင်၊ လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ်တွေ” ခါးတောင်းမြှောင်အောင် ကျိုက်ထားရပေဦးမည်။

မုန့်ဟင်းခါးစားတတ်သော တောင်တက်သမား ကောင်းများဖြစ်ကြပါစေ။   ။