မုန့်ကြော်နေစဉ် ဆီအိုးမီးလောင်ရာမှ မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၁၄ လုံးမီးလောင်ဆုံးရှုံး

မြေပုံ၊    ၂၀      မေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်နေ ဒေါ်ကြည်ကြည်ဝင်း  (၃၇)နှစ်၏ နေအိမ်၌ ယနေ့နံနက်(၄)နာရီက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ်၌ မုန့်ကြော်နေစဉ် ဆီအိုးမီးလောင်ရာမှ အနီးရှိ ထရံသို့ ကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၁၅x၁၅x၁၀)ပေ (ဓနိမိုး၊ ပျဉ်းခင်း၊ ပျဉ်ကာ)နေအိမ်တစ်လုံး မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးကူးစက်မှုကြောင့် ၎င်းနေအိမ်အနီးရှိ ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၉ လုံး၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၃ လုံး၊ ဓနိမိုး ပျဉ်ခင်း၊ ဝါးကာ နေအိမ် ၁ လုံး စုစုပေါင်း နေအိမ် ၁၄ လုံး မီးကူးစက်လောင်ကျွမ်းခဲ့သည်။

မီးလောင်ရာသို့ ကမ်းထောင်းကြီးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၄ ဦးနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင် ၂၀ တို့က သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ငြိှမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် မီးဘေးဒုက္ခရောက်ခဲ့ရသည့် အိမ်ထောင်စု ၁၄ စုမှ ကျား ၃၁ ဦး၊ မ ၃၇ ဦး စုစုပေါင်း ၆၈ ဦးတို့သည် ၎င်းတို့၏ဆွေမျိုးများနေအိမ်တွင် နေထိုင်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ မီးလောင်ဆုံးရှုံး မှုမရှိကြောင်း သိရသည်။

တင်ဝင်း(မြို့နယ်ပြန်/ဆက်)

mdn