မုံရွာ၊ ဟားခါး၊ ကလေးမြို့များရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ထမ်းများအား ဒုတိယဝန်ကြီး ဦးမြင့်စိုး တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ  ၂၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက် ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ နိုင်ငံအပေါ်သစ္စာရှိသော ဝန်ထမ်းကောင်းများဖြစ်စေရန်၊ လုံခြုံရေးသတိ ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲနှင့် လိုအပ်ချက်များတင်ပြမှုအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

အလားတူ ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်လည်းကောင်း ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြား၍ အခက်အခဲများ မေးမြန်းညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများ၊ ပြည်နယ်က ပေးအပ်လာသော တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြရန်၊ ဝန်ထမ်းအားလုံး ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ မိမိဘဝတိုးတက်ရေးအတွက် စာဖတ်ခြင်းအလေ့အထ ပြုလုပ်ကြရန်၊ ကျန်းမာရေး ဗဟုသုတများနှင့်အညီ ကျင့်ကြံနေထိုင်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်