မုံရွာခရိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန (၃၂)ခုဖြင့် ကျင်းပမည်

မုံရွာ  ၂၆  ဖေဖော်ဝါရီ

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ဘုတလင်၊ ချောင်းဦးနှင့် အရာတော်မြို့နယ်တို့တွင် စာစစ်ဌာန(၃၂)ခုဖွင့်လှစ်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း မုံရွာခရိုင် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံအောင်၏ ပြောကြားချက်အရ သိရသည်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပရန်အတွက် မုံရွာမြို့နယ်တွင် စာစစ်ဌာန (၁၅)ခုဖြင့်လည်းကောင်း၊ ဘုတလင်မြို့နယ်အတွင်း စာစစ်ဌာန(၇)ခုဖြင့်လည်းကောင်း၊ ချောင်းဦးမြို့နယ်တွင် စာစစ်ဌာန (၂)ခုဖြင့်လည်းကောင်း၊ အရာတော်မြို့နယ်အတွင်း စာစစ်ဌာန(၈)ခုဖြင့် လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

“အခုနှစ်မှ စာစစ်ဌာနအသစ်တစ်ခုအဖြစ် ဘုတလင်မြို့နယ်အတွင်းက ငပယင်းကျေးရွာမှာ စာစစ်ဌာနတစ်ခု တိုးပြီးကျင်းပခွင့်ရတယ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်လက်မှတ်တွေကိုတော့ ကျောင်းသား/သူ အင်အားအတိုင်း သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွေကို ဖြန့်ဝေပေးပြီး သူတို့ကတစ်ဆင့်  စာမေးပွဲဖြေဆိုကြမဲ့ ကျောင်းသား/သူတွေလက်ထဲကို ရောက်ရှိပြီး ဖြစ်ပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်မှုတွေ ရှိနိုင်တဲ့အတွက် အမှန်တကယ် ဖြေဆိုကြမဲ့အင်အားကတော့ စာမေးပွဲကျင်းပတဲ့အချိန်မှ အတိအကျသိရမှာ ဖြစ်ပါတယ်” ဟု  မုံရွာခရိုင်အခြေခံပညာဦးစီးဌာန ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံအောင်က ပြောသည်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ မုံရွာမြို့နယ်အတွင်းမှ ကျောင်းသား ကျောင်းသူ (၁၁၅၆၇)ဦး၊ ချောင်းဦးမြို့နယ်အတွင်းမှ ကျောင်းသား ကျောင်းသူ (၁၇၄၅)ဦး၊ အရာတော်မြို့နယ်အတွင်းမှ ကျောင်းသား ကျောင်းသူ (၂၅၉၀)နှင့် ဘုတလင်မြို့နယ်အတွင်းမှ ကျောင်းသား/သူ (၃၂၉၉)ဦး စုစုပေါင်း(၁၉၂၀၁)ဦးတို့ ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း မုံရွာခရိုင် ပညာရေးမှူးရုံးမှသိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)