မုံရွာမြို့နှင့် မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၄

 

မုံရွာမြို့နှင့် မြိတ်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၃ ရက် မွန်းတည့် ၁၂ နာရီတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းတွင် မဒဲ့ဒဲ့ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ၎င်းနေထိုင်သည့် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ အမှတ်(၅/၅၅)နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၄,၈၅၀ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ပူးပေါင်းအဖွဲ့က ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ လာရောက် အပ်နှံထားသူ မဆုစန္ဒာထွန်း ကို မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ အမှတ်(၁) ဗောတံတားတွင် မင်းငယ်(ခ) လူလှ(ခ)ဂဏာန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ သိမ်းဆည်းရမိ ခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၆ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ဆရာအင်ဟိုခြံလမ်း၊ အမှတ်(၂၀)နေ ဝင်းမျိုးထိုက်၏‌နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)