မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အတွင်း ငွေသိန်း(၃၅၀)ပါ အထုပ် ခိုးယူသွားသူအား ဖော်ထုတ်အရေးယူ

နေပြည်တော်  ၂၈ မတ်

မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အတွင်း ငွေကျပ် သိန်း(၃၅၀)ပါ အထုပ် ခိုးယူသွားသူအား ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်နေ ဦးသန်းထိန် “အောင်မြသန်း” ကုမ္ပဏီတာဝန်ခံသည် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ  မြန်မာ့စီးပွားရေးဘဏ်၌ ငွေသွင်းရန်အတွက် ကုမ္ပဏီ ပိုင်ငွေ သိန်း(၁၃၀)ပါ အထုပ်(၁)ထုပ်နှင့် သိန်း(၃၅၀)ပါ အထုပ်(၁)ထုပ်တို့အား ဘဏ်အတွင်းငွေသွင်း ကောင်တာရှေ့ သမံသလင်းပေါ်တွင် ချထားပြီး ငွေသွင်းရန် အလှည့်စောင့်နေစဉ် ၎င်းမှ အလှည့်ကျော်သွားသည်ထင်၍ ငွေထုပ် (၂)ထုပ် အားထားခဲ့ပြီး သွားရောက်မေးမြန်း၍ ပြန်လာခဲ့ရာ ငွေထုပ်(၂)ထုပ်အနက် သိန်း(၃၅၀)ပါ အထုပ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ငွေထုပ်ခိုးယူသွားသူအား စုံစမ်းဖေါ်ထုတ်အရေးယူပေးရန် တိုင်တန်းချက်အရ မုံရွာမြို့မရဲစခန်းမှ  အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ မတ် ၂၁ ရက်တွင် မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွင်းရန် စောင့်ဆိုင်းနေသူ၏ ငွေထုပ်အား အမျိုးသားတစ်ဦးမှ ဆွဲယူစဉ် ပိုင်ရှင်ဖြစ်သူမှ တွေ့ရှိသဖြင့် ပြန်ပေးနေပုံအား CCTV မှတ်တမ်း၌ တွေ့ရှိရသောကြောင့် ဓာတ်ပုံအားကူးယူ၍ ဘဏ်အတွင်း ရဲတပ်ဖွဲ့ဝင်များမှ အသွင်ယူ စောင့်ကြည့်လျက်ရှိစဉ် မတ် ၂၅ ရက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မုံရွာမြို့နယ်၊ ထနောင်းတိုင်ကျေးရွာနေ မြင့်ညိမ်းအား ဖမ်းဆီးရမိခဲ့သည်။

၎င်းအား အသေးစိတ်စစ်ဆေးရာ လွန်ခဲ့သည့် ဇန်နဝါရီ ၁ ရက်က မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေလာသွင်းသည့် အမျိုးသားတစ်ဦးထံမှ ငွေထုတ်(၁)ထုတ်အား ၎င်းခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MDN