မုံရွာမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း (၄)မျိုး ဖွင့်လှစ်

နေပြည်တော်  ၂၇    သြဂုတ် 


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ အလုပ်ကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ သက် ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဆက်စပ်သင်တန်းများကို စဉ်ဆက်မပျက် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မုံရွာ) ရုံးခွဲနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်)တို့၏ ပူးပေါင်း စီစဉ်ဆောင်ရွက်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၄)မျိုး သင်တန်းဖွင့်ပွဲအခမ်း အနားကို (၂၆.၈.၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းမြင့် ဟိုတယ်၌ ကျင်းပရာ အခမ်း အနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း ဇုန်) ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။


သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မုံရွာ) ရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဦးနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်) ဒုတိယ ဥက္ကဌ ဦးအောင်ကြီးတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြသည်။
    

အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၄) မျိုးကို (၂၆.၈.၂၀၁၉)ရက်နေ့မှ (၂၀.၉.၂၀၁၉) ရက်နေ့အထိ ရက်သတ္တ (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁၀၄)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


MDN