မုံရွာမူလတန်းကြိုကျောင်းတွင် ကလေးများနေ့အကြို ပန်းချီပြိုင်ပွဲကျင်းပ

မုံရွာ ၇ ဖေဖော်ဝါရီ

 

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၃)နှစ်ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မူကြိုကလေးငယ်များ၏ ပန်းချီပြိုင်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉နာရီ အချိန်က စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မုံရွာမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။

 

 

ပြိုင်ပွဲကျင်းပသည့် အခြေအနေနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမော်က  “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၃)နှစ်ပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယနေ့ကျင်းပပြုလုပ်သည့် ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲမှာ မုံရွာမူလတန်းကြို ကျောင်းမှ မူကြိုအရွယ်ကလေး အကြီးအဆင့်နှင့် အငယ်အဆင့်တို့မှ ကလေးငယ် (၃၀)ဦး ပါဝင် ယှဉ်ပြိုင်ကြပါတယ်။ ယခုပြိုင်ပွဲမှာ ထူးချွန်သည့် ရင်သွေးငယ်လေးတွေကို ဖေဖော်ဝါရီ ၁၁ရက်မှာ ကျင်းပမည့် တိုင်းဒေသကြီးအဆင့် ကျောင်းပေါင်းစုံပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအဆင့် ထူးချွန်ဆုရရှိသည့် ရင်သွေးငယ်လေးတွေကို ဖေဖော်ဝါရီ၁၃ ရက်နေ့မှာ အခမ်းအနားဖြင့် ဆုများ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

အဆိုပါ ပန်းချီပြိုင်ပွဲအား မုံရွာမြို့မှ ပန်းချီဆရာကြီး ဦးညိုစိန်မှ လာရောက် အကဲဖြတ် ကူညီဆောင်ရွက်ပေးခဲ့ပြီး ရင်သွေးငယ်လေးများအား အာဟာရကြက်သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြကြောင်း သိရှိရသည်။

 

(မောင်ဖိုးချမ်း)