မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ထောက်ပံ့ရေးသင်္ဘော ထွက်ခွာခြင်းတို့အား ပို့ဆောင်နှုတ်ဆက်

ရန်ကုန် မေ ၂၀

 

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇)မြို့နယ်နှင့် မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ လူနေမှုဘဝများ အမြန်ဆုံးပြန်လည်ရရှိရေး နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ထွက်ခွာခြင်းနှင့် ထောက်ပံ့ရေးသင်္ဘော ထွက်ခွာခြင်းတို့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှူး ဗိုလ်ချုပ် နိုင်မင်းကျော်၊ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာနေရာများမှ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့နယ်၊ ဟွန်ဒိုင်းဆိပ်ကမ်းတွင် တပ်မတော်(ရေ)မှ ချင်းတွင်းပို့ဆောင်ရေးရေယာဉ်ဖြင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ဒေသများမှ ပြည်သူများ၏ ဘဝများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနိုင်ရန် သွားရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးထွန်းဖေ ဦးဆောင်သော တပ်ဖွဲ့ပ်ဖွဲ့ဝင် (၆၈၀)ဦးတို့အား တွေ့ဆုံပြီး ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ ဂုဏ်ပြုထောက်ပံ့ငွေများနှင့် ရေသန့်ဘူးကြီးများကို ပေးအပ်၍ တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီတွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ ထောက်ပံ့ရေးသင်္ဘောများဖြစ်သည့် MV.AQUARIUS ၊ MV SUN SHINE နှင့် ဖော်ကျွန်းသင်္ဘောများပေါ်သို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ တပ်မတော်ရေမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆိပ်ကမ်းလုပ်သားများက လျှပ်စစ်ဓါတ်မီးတိုင်များ၊ တာဝါတိုင်များ၊ လမ်းရှင်းလင်းဖယ်ရှားရာတွင် အသုံးပြုသည် စက်ယန္တရားများ၊ သစ်ခွဲသားဆိုဒ်စုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် သွားရောက်ထောက်ပံ့မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်ခွဲသားဆိုဒ်စုံ ၂၁၈ တန်၊ သစ်စက်၊ သစ်ခွဲလွှကြီး ၁၀ ချပ်၊ တရုတ်နီစက် ၅ လုံး၊ လွှာဂန်းစက် ၁၅ ခု၊ ဆီပေပါ ၄ လုံး၊ မိုးကာလိပ် ၈၀ ထုတ်၊ လေယာဉ်ဆီ ၆၀၀ ပေပါ၊ MPT တာဝါတိုင် ၁ စုံ၊ မီး စက် ၁၂ လုံး၊ သွပ် ၆၂၅၀၀ ချပ်၊ ရွက် ဖျင်တဲ ၈၀ လုံး၊ ၂၄ ပြည်ပါဆန်အိတ် ၃၅၀၀ အိတ်၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ရေသန့်ဘူးများ၊ စားသုံးဆီပုံးများ တင်ဆောင်လျက် ရခိုင်ပြည်နယ်သို့ ထွက်ခွာမည့် MV. AQUARIUS ထောက်ပံ့ရေးသင်္ဘောနှင့် လိုက်ပါသွားကြသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်အားပေးအဖွဲ့များကို ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)