မုန်တိုင်းတစ်ခု အခြေပြုဖို့

သိပ္ပံစာရေးဆရာကိုကိုအောင်

 

 

မုန်တိုင်းဖြစ်ရန် အခြေခံအချက်များ ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်က လူဦးရေသန်းပေါင်း ၁၆၀၀ သာရှိခဲ့သော ကမ္ဘာကြီးသည် မျက်မှောက်ကာလတွင် လူဦးရေသန်းပေါင်း ၇၀၀၀ ကျော်တို့၏ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ထားရပြီး သဘာဝ ဘေးအန္တရာယ်အသွယ် သွယ်တို့ကိုပါ ခါးစည်းခံနေရသည့် ဂြိုဟ်ကြီးတစ်လုံးအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးပွားလာခြင်းကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းများလည်း လျင်မြန်စွာ ဖွံ့ဖြိုးကြီးထွားလာ ခဲ့သည်။ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းရေး အတွက် စက်တပ်ယာဉ်များမှာလည်း နှစ်စဉ် သန်းနှင့်ချီ၍ တိုးပွားလာနေသည်။ တစ်ဖက်တွင်လည်း စားနပ်ရိက္ခာ တိုးမြှင့်ထုတ်လုပ်ရေးအတွက် သဘာဝလွန်နည်းလမ်း များကို သုံးစွဲမှုများက ကြောက်ခမန်းလိလိ တိုးပွားလာ လျက်ရှိနေသည်။


ကမ္ဘာပေါ်ရှိ သန်းနှင့်ချီသော စက်မှုလုပ်ငန်းများ၊ ဘီလီယံနှင့်ချီသော အင်ဂျင်စက်များနှင့် မော်တော်ကားများက ကာဗွန် ဓာတ်ငွေ့တန်ချိန်ပေါင်းများစွာကို အချိန်နှင့်အမျှ စွန့်ထုတ်လျက်ရှိနေကြသလို ကောက်ပဲသီးနှံ စိုက်ခင်းများတွင် အသုံးပြု နေကြသော ဓာတ်မြေဩဇာများကြောင့် မီသိန်းဓာတ်ငွေ့ တန်ချိန်ပေါင်းများစွာတို့ကလည်း နေ့စဉ်လေထုထဲသို့ ရောက်ရှိ နေကြသည်။


ကာဗွန်ဒိုင်အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့များ အပါအဝင် လူ့ပယောဂကြောင့် ထွက်ပေါ်လာသော ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များကြောင့် ကမ္ဘာ့အပူချိန်က မြင့်တက်လာနေသလို ပင်လယ်နှင့် သမုဒ္ဒရာရေများကလည်း ပို၍ပူနွေးလာ လျက်ရှိသည်။ ရေခဲတောင်နှင့် ရေခဲမြစ်များလည်း အရည်ပျော်နှုန်း မြင့်မားကာ ပင်လယ်ရေမျက်နှာပြင်ကလည်း တဖြည်းဖြည်း မြင့်တက်လာ လျက်ရှိနေသည်။


အခြားတစ်ဖက်၌လည်း လူတို့၏ ဖန်တီးမှုများကြောင့် ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ စုစုပေါင်း၏ လေးပုံတစ်ပုံကို ပင်လယ်နှင့် သမုဒ္ဒရာရေများက စဉ်ဆက်မပြတ် စုပ်ယူနေရသည့်အတွက် ကာဗွန်နစ်အက်စစ် ပျော်ဝင်မှုပမာဏ မြင့်မား ကာ ပင်လယ်ရေ၏ အချဉ်ပေါက်နှုန်း မြင့်တက်လျက် ရှိနေပြန်သည်။


ဤကဲ့သို့သော အခြေအနေအရပ်ရပ်သည် သဘာဝဘေးအန္တရာယ် တစ်မျိုးဖြစ်သော မုန်တိုင်းများကို ဖိတ်ခေါ်လျက်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဖော်ပြပါအခြေ အနေများသည် မုန်တိုင်းတစ်ခု အစပြုရန်အတွက် အခြေခံအချက်များအားလုံးနှင့် ပြည့်စုံနေသောကြောင့်ပင် ဖြစ်သည်။


မုန်တိုင်းဖြစ်ရန် အချက်သုံးချက်

ကမ္ဘာအရပ်ရပ်၌ ပင်လယ်ပြင်များကို ဗဟိုပြု၍ မုန်တိုင်းတစ်ခု ဖြစ်တည်တိုက်ခတ်နိုင်ရန် အဓိကအားဖြင့် အချက်သုံးချက်နှင့် ကိုက်ညီနေရမည်ဖြစ်သည်။ ပထမအချက်မှာ အများပြည်သူတို့ ကြားဖူးနားဝရှိကြသော လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်တည်နေရမည် ဖြစ်သည်။ ဒုတိယအချက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်တည်ရာ ပင်လယ်ရေပြင်၏ အပူချိန်သည် ၂၆ ဒီဂရီဆဲလ်စီးရပ်နှင့် အထက်တွင် ရှိနေရမည်ဖြစ်သည်။ တတိယအချက်မှာကား လေဖိအားနည်းရပ်ဝန်း ဖြစ်တည်ရာ ပင်လယ်ရေပြင်သည် အက်စစ်ပါဝင်နှုန်း မြင့်မားနေရမည်ဖြစ်သည်။


တစ်နေ့တခြား အပူချိန်တိုးလာနေသော ပင်လယ်ရေသည် ၂၆ ဒီဂရီဆဲလ်စီးရပ်နှင့် အထက်သို့ လွယ်လင့်တကူ ရောက်ရှိလာ နေသလို ကာဗွန်ဓာတ်ငွေ့များကို စဉ်ဆက်မပြတ် စုပ်ယူနေရသော ပင်လယ်ရေများကလည်း အက်စစ်ပါဝင်နှုန်း သိသိသာသာ မြင့်မားလာလျက် ရှိနေသည်။


ထို့ကြောင့်ပင်လျှင် ယနေ့မျက်မှောက် ကမ္ဘာကြီး၌ ပင်လယ်ပြင်များကို ဗဟိုပြု၍ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်တည် လာပြီဆိုသည်နှင့် မုန်တိုင်းအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားရန် အခွင့်အလမ်းက ပို၍ အလေးသာလျက်ရှိနေသည်။ ဤသို့သော အကြောင်းများကြောင့်ပင် ၂၁ ရာစု၌ ၂၀ ရာစုကာလများကထက် မုန်တိုင်းဖြစ်ပေါ်မှု အကြိမ်ရေ ပိုမိုများပြား လာခြင်းဖြစ်သည်။


ထို့ပြင် ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် ၁၂ ရာသီပတ်လုံး အေးခဲနေသည့် ဝင်ရိုးစွန်းဒေသမှ ရေခဲလွှာများ အရည်ပျော် ကျဆင်းကာ ပင်လယ်နှင့် သမုဒ္ဒရာများအတွင်းသို့ စီးဆင်းဝင်ရောက်မှုမှာလည်း တစ်နေ့တခြား များပြားလာလျက်ရှိနေသည်။ ဝင်ရိုးစွန်းရေခဲလွှာ များမှ အရည်ပျော်ကျဆင်းလာသော ရေများသည် ရေချိုများဖြစ်ကြသည့်အတွက် နေအပူချိန်ကြောင့် ယင်း ရေချိုများ အငွေ့ပျံကြသည့်အခါ ကောင်းကင်ယံ၌ ထူထဲသော တိမ်တိုက်ကြီးများကို ဖြစ်ပေါ်လာစေသည်။ အဆိုပါ ထူထဲသော တိမ်တိုက်ကြီးများကြောင့် ကမ္ဘာ့မြေပေါ်၌ အင်အား ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းကြီးများ ဖြစ်ပေါ်လာလေ့ရှိသည်။


မုန်တိုင်းအင်အား အဆင့်များ

ကမ္ဘာအရပ်ရပ်တွင် တိုက်ခတ်သည့်  အပူပိုင်းမုန်တိုင်းများကို အင်အားပြင်းထန်မှုအလိုက် အဆင့်ငါးဆင့် ခွဲခြား သတ်မှတ်ထားသည်။


လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၈ ကီလိုမီတာမှ ၁၅၂ ကီလိုမီတာအကြားရှိသော မုန်တိုင်းကို အဆင့်(၁)အဖြစ် သတ်မှတ်ပြီး အဆိုပါ မုန်တိုင်းအဆင့်သည် ပင်လယ်ပြင်တွင် လှိုင်းအမြင့် လေးပေမှ ငါးပေအထိ မြင့်တက်စေနိုင်ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်မျှ ဖြစ်ပွားလာစေနိုင်သည်။


လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၃ ကီလိုမီတာမှ ၁၇၆ ကီလိုမီတာအတွင်းရှိသော မုန်တိုင်းကို အဆင့်(၂)အဖြစ် သတ်မှတ်ပြီး အဆိုပါအဆင့် မုန်တိုင်းသည် ဒီရေလှိုင်းများကို အမြင့် ခြောက်ပေမှ ရှစ်ပေအထိ ဖြစ်ပေါ်စေနိုင်သလို ပျက်စီးဆုံးရှုံးမှု ပမာဏမှာလည်း အတန်အသင့် ရှိလာစေနိုင်သည်။


လေတိုက်နှုန်း တစ်နာရီလျှင် ၁၇၇ ကီလိုမီတာမှ ၂၀၈ ကီလိုမီတာအထိ အင်အားပြင်းထန်သော မုန်တိုင်းကို အဆင့် (၃) အဖြစ် သတ်မှတ်သည်။ မုန်တိုင်းအဆင့် (၃)၏ အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းများ၏ အမြင့်သည် ၉ ပေမှ ၁၂ ပေအထိ ဖြစ်ပေါ်လာနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနိုင်သည်။


လေတိုက်နှုန်း တစ်နာရီလျှင် ၂၀၉ ကီလိုမီတာမှ ၂၄၈ ကီလိုမီတာအထိ ပြင်းထန်သော မုန်တိုင်းသည် အဆင့် (၄) မုန်တိုင်း ဖြစ်ပြီး အဆိုပါမုန်တိုင်း၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းများမှာ အမြင့် ၁၃ ပေမှ ၁၈ ပေအထိ ဖြစ်ပေါ်လာနိုင်သည်။ မုန်တိုင်းအင်အား ပြင်းထန်လွန်းသဖြင့် ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးမှုများကို ကြုံတွေ့ရ လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုက်ခတ်သွားခဲ့ဖူး သော နာဂစ်မုန်တိုင်းသည် မုန်တိုင်းသတ်မှတ်ချက် အဆင့် (၄)ရှိသော အင်အားပြင်းထန်လွန်းသည့် ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်သည်။


လေတိုက်ခတ်နှုန်း တစ်နာရီလျှင် ၂၄၈ ကီလိုမီတာနှင့် အထက်ရှိသော မုန်တိုင်းများကိုမူ အဆင့် (၅)အဖြစ် သတ်မှတ်ပြီး အဆိုပါ မုန်တိုင်းကြီးများကြောင့် ပင်လယ်ဒီရေ လှိုင်းများသည် အနည်းဆုံး ၁၈ ပေနှင့်အထက် မြင့်တက် လာမည်ဖြစ်သလို ထိခိုက်ပျက်စီးမှုများလည်း အလွန်ကြီးမားလိမ့်မည် ဖြစ်သည်။


တိုက်ခတ်ခဲ့သော အင်အားပြင်းမုန်တိုင်းများ

ကမ္ဘာအရပ်ရပ်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းများစွာအနက် လူ့အသက်အိုးအိမ်စည်းစိမ်ကို ကြီးမားစွာ ဖျက်ဆီးခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် အင်အားပြင်း မုန်တိုင်းအချို့ကို လေ့လာသင့်ကြသည်။ ၁၈၇၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်က ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်းနှင့် အင်အားအလွန်ကောင်းလာပြီး မုန်တိုင်း အဖြစ်သို့ အသွင်ပြောင်းကာ ဩဂုတ်လဆန်းတွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၄၀ နှုန်းဖြင့် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သည်။


ထိုမှတစ်ဆင့် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ခန့်အထိ မြင့်တက်လာပြီး တရုတ်(တိုင်ပေ) ကျွန်း ကုန်းတွင်း ပိုင်းသို့ပါ အဖျားခတ်ဝင်ရောက်သွားခဲ့သည်။ နီနာဟု အမည်ပေးထားသော အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြီးကြောင့် လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရပြီး ရေကာတာ ၆၂ လုံးမှာ ပြိုကျပျက်စီးခဲ့ရသည်။ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၀၀ ကျော် ရှိခဲ့သည်။


၁၉၂၂ ခုနှစ်က ပစိဖိတ်သမုဒ္ဒရာအတွင်း ကာရိုလိုင်း ကျွန်းစုအနီးတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် သန္ဓေတည်ခဲ့သော ဆွာတိုးမုန်တိုင်းသည် တောင်တရုတ်ပင်လယ်အတွင်းသို့ ဦးတည်ရွေ့လျားခဲ့သည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြီးသည် လူဇုန်ကျွန်းကို ဖြတ်ကျော်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။
မုန်တိုင်း၏အရှိန်ကြောင့် ပင်လယ်ရေမျက်နှာပြင်သည် ၁၀ ပေကျော် မြင့်တက်ခဲ့ပြီး ကုန်းတွင်းပိုင်းဒေသများကို ရက်ပေါင်း များစွာ ရေဖုံးလွှမ်းသွားစေခဲ့သည်။ မုန်တိုင်းသတိပေးချက်ကို ကြိုတင်ထုတ်ပြန်နိုင်ခြင်း မရှိသေးသောကြောင့် ပြင်ဆင်မှု မလုပ်နိုင်ခဲ့သဖြင့် လူပေါင်း ခြောက်သောင်းနီးပါးကို သေဆုံးစေခဲ့သော အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြီးသည် သင်္ဘောစင်းရေ အများအပြားကိုပါ မီတာ ၃၅၀၀ ကျော်အထိ လွင့်မျောသွားစေခဲ့သည်။


၁၉၇၀ ပြည့်နှစ်ကလည်း တောင်တရုတ်ပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် သန္ဓေတည်ခဲ့သော အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း ဘိုးလသည် တစ်နာရီလျှင် ၁၈၅ ကီလိုမီတာနှုန်းဖြင့် အရှေ့ပါကစ္စတန်သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။ အဆိုပါ မုန်တိုင်းကြီးကြောင့် လူပေါင်း ငါးသိန်းနီးပါး အသက်ဆုံးရှုံးခဲ့ရပြီး ကောက်ပဲသီးနှံစိုက်ခင်း အားလုံးနီးပါးနှင့် လယ်ယာသုံး ကျွဲ၊ နွားတိရစ္ဆာန် စုစု ပေါင်း၏ ၈၅ ရာခိုင်နှုန်းခန့်ကို ပျက်စီးဆုံးရှုံးစေခဲ့သည်။ မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းကာ ကုန်တင်သင်္ဘောကြီးများကို နစ်မြုပ်သွားစေခဲ့သည်။ ဘိုးလ ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၇ သန်းခန့် ရှိခဲ့သည်။


အလားတူပင် ၁၉၉၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အင်အားကြီးမားသည့် ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်း ကြီးသည်လည်း ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ၁၉၉၁ ခုနှစ် ဧပြီလ နောက်ဆုံးပတ်က ဘင်္ဂလားပင်လယ်အော်တွင် စတင်သန္ဓေတည်ခဲ့ပြီး ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ချိန်၌ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ကျော်အထိ အင်အားကြီးမား ပြင်းထန်ခဲ့သည်။


စစ်တကောင်းမြို့ကို မွှေနှောက်တိုက်ခတ်သွားခဲ့သော ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တစ်သိန်း လေးသောင်းနီးပါး သေဆုံးခဲ့ရပြီး သေဆုံးသူ အများစုတို့မှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဖြစ်ကြသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကျော်ခန့် ဆုံးရှုံး ခဲ့ရသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆယ်စုနှစ်တစ်စုနီးပါးမျှ ကြာအောင် လုပ်ဆောင်ခဲ့ကြရသည်။


နာဂစ် ဆိုင်ကလုန်းမုန်တိုင်း

ကမ္ဘာ့အင်အားပြင်း မုန်တိုင်းမှတ်တမ်းများထဲတွင် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်သန်းတိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဧပြီလ ၂၈ ရက်က ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သန္ဓေတည်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယကမ်းရိုးတန်းမှ မိုင် ၅၀၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခဲ့သည်။ တဖြည်းဖြည်းနှင့် အားကောင်းလာသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် မူလက မြောက် ဘက်သို့ ဦးတည်နေရာမှ အရှေ့ဘက်သို့ ပြောင်းလဲဦးတည်ရွေ့လျားလာပြီး လေတိုက်အား တစ်နာရီလျှင် ကီလိုမီတာ ၂၁၀ နှုန်းဖြင့် မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ အင်အားပြင်းထန်စွာ မွှေနှောက်တိုက်ခတ်သွားခဲ့သည်။


အဆိုပါ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် လူပေါင်း တစ်သိန်းလေးသောင်းနီးပါး သေဆုံးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁ ဒသမ ၇ ထရီလီယံ အထိရှိခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးသည် အိပ်မက်ဆိုးကြီးတစ်ခုပမာ မြန်မာနိုင်ငံသားတို့အား ယနေ့တိုင် ခြောက်လှန့်နေဆဲဖြစ်သည်။


မုန်တိုင်းအန္တရာယ် လျော့ပါးစေရေး

လူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသော သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းသည် အဓိကကျသော သဘာဝဘေးတစ်ခု ဖြစ်သည်နှင့်အညီ မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် အသက်ဆုံးရှုံးရမှု နည်းနိုင်သမျှ နည်းပါးအောင် ကြိုတင်ကာကွယ်မှုများကို စနစ်တကျ စီစဉ်ပြုလုပ်ထားကြရမည် ဖြစ်သည်။


သတိပေးနှိုးဆော်မှု၊ ကြိုတင်ပြင်ဆင်မှု၊ ပညာပေးလေ့ကျင့်မှု၊ အရေးပေါ်စီမံချက်၊ လျင်မြန်ထိရောက်သော ကယ်ဆယ်ရေး အစီအစဉ်၊ အချိန်နှင့်တစ်ပြေးညီဖြစ်သော ပြုစုစောင့်ရှောက်မှု၊ အလျင်အမြန် လုပ်ဆောင်နိုင်သော ပြန်လည်ထူထောင်ရေး လုပ်ငန်း စသည်တို့မှာ သဘာဝဘေးအန္တရာယ်ကို အန်တုရင်ဆိုင်နိုင်သော အရည်အချင်း များပင်ဖြစ်သည်။


အလားတူပင် ခေတ်မီသော နည်းပညာ၊ တိကျသော တိုင်းတာတွက်ချက်မှု၊ ကျယ်ပြန့်သော ကွန်ရက်စနစ်တို့ကို အသုံးချကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်ဖြင့် အချိန်မီ ကြိုတင်ထုတ်ပြန်ပေး ကြရမည် ဖြစ်သည်။


ယနေ့အချိန်တွင် ကမ္ဘာကြီးက ပိုမိုပူနွေးလာနေသည်နှင့်အမျှ ရာသီဥတုများကလည်း ဖောက်လွဲဖောက်ပြန် ဖြစ်ပေါ်လျက် ရှိသည်။ အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဥတုများနှင့်လည်း ပိုမို ကြုံတွေ့နေကြရလျက်ရှိသည်။ ကမ္ဘာ့ပင်လယ်နှင့် သမုဒ္ဒရာတို့၏ အပူချိန်ကလည်း တိုးလာလျက်ရှိသလို အက်စစ်ပါဝင်နှုန်းကလည်း မြင့်တက်လာလျက် ရှိသည်။ မုန်တိုင်းတို့၏ အခြေပြု သန္ဓေတည်ရာဖြစ်သော ပင်လယ်နှင့် ပင်လယ်အော်တို့၏ ရေအပူချိန်များကလည်း ဖြစ်မြဲ ထက်ပို၍ ပူလာနေသည်။ ပင်လယ်ရေအပူချိန်တိုးလာပြီး အချဉ်ပေါက်နှုန်း မြင့်မားနေသည့်အတွက် ကမ္ဘာ့အင်အားပြင်း မုန်တိုင်းများကလည်း ဝင်ရောက်တိုက်ခတ်ရန် အခွင့်ကောင်းကို စောင့်မျှော်လျက်ရှိနေကြသည်။


သို့ဖြစ်၍ လူတို့၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လျက်ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် သဘာဝ ဘေးဆိုးကြီးဖြစ်သော မုန်တိုင်း၏အန္တရာယ် လျော့ပါးကင်းဝေးစေရေးအတွက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချခြင်း အပါအဝင် ကမ္ဘာကြီးပူနွေးလာနေမှုကို တတ်နိုင်သည့်ဘက်က အစွမ်းကုန် တိုက်ဖျက်သွားကြရမည်သာ ဖြစ်ပေသည်။    ။