မုတ်သုံလေ အားကောင်းနေမည်

နေပြည်တော် ၂ သြဂုတ်


၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။


ထူးခြားသည့်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း “ဝီဖာ” (Wipha)သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ (Hanoi)၏ အရှေ့-အရှေ့မြောက်ဘက် (၁၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “ဝီဖာ” (Wipha)သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။


မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။


နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ မုတ်သုံလေ အားကောင်းနေမည်။


နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်မှာ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြားနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။


MDN