မုတ်သုံမိုးနှင့်အတူ

ဇွန် ၂

 

ပြီးခဲ့သည့်မေလ ၂၀ ရက်နေ့က အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအမ်ဖန်သည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါမုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခဲ့ခြင်းမရှိသောကြောင့် မုန်တိုင်း၏ဒဏ်ကို မိမိတို့ပြည်သူများ မခံစားခဲ့ရပေ။ အဆိုးထဲကအကောင်းအဖြစ် အမ်ဖန်မုန်တိုင်းနှင့်အတူ ဝင်ရောက်လာသော အနောက်တောင်မုတ်သုံလေကြောင့် မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ကာ မိမိတို့ပြည်သူ များ အပူဒဏ်မှ လျော့ပါးသက်သာခဲ့ရသည်။

 

မုတ်သုံမိုးကြောင့် အပူဒဏ်သက်သာရာ ရလင့်ကစား မိုးဦးလေဦးနှင့်အတူ ဖြစ်ပေါ်တတ်သော လေပြင်းတိုက်ခတ်မှုများ၊ ပြောင်းလဲလာသော ရာသီဥတုအခြေအနေ၊ ရာသီအလိုက် ဖြစ်တတ်သော ရောဂါအခြေအနေများကို သတိထားဖို့လိုပါသည်။ လေပြင်းတိုက်ခတ်မှုများကြောင့် မိမိတို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရန် သက်ဆိုင်ရာ ဌာနများက အခါအားလျော်စွာ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လေ့လာသိရှိထားရန် လိုအပ်ပါသည်။ ယခုရာသီတွင် သွေးလွန်တုပ်ကွေး ရောဂါ၊ ဆင်တုပ်ကွေးရောဂါများဖြစ်တတ်သဖြင့် ကျန်းမာရေး သတိဖြင့် နေထိုင်ရန်လည်း အရေးကြီးပါသည်။

 

ထို့အတူပင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ၏ အခြေအနေမှာ သတိ အနေအထားတွင်ရှိနေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတွင်း ရောဂါကူးစက် ပြန့်ပွားမှုမရှိခဲ့သည်မှာ ၁၅ ရက် ကြာပြီဖြစ်သော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါပိုး ပါလာသည်ကို တွေ့ရှိနေရသည်။ မေ ၃၀ ရက်စစ်ဆေးမှုများအရ အိန္ဒိယမှပြန်လာသူများတွင် ရောဂါပိုးရှိသူ ၁၇ ဦးတွေ့ရှိခဲ့ပြီး မေလ ၁၇ ရက်နောက်ပိုင်း ပြည်ပမှပြန်လာသူ ၄၅ ဦးတွင် ရောဂါပိုးတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ယခုအခါ ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မိခင်နိုင်ငံသို့ အဆက်မပြတ် ပြန်လည်ဝင်ရောက်လျက်ရှိသည်ကို တွေ့ရသည်။

 

ထိုသို့ဝင်ရောက်လျက်ရှိရာတွင် လေယာဉ်ခရီးစဉ်ဖြင့် ဝင်ရောက်လာသူများအား လေဆိပ်မှတစ်ဆင့် အသွားအလာ စောင့်ကြပ်ကြည့်ရှုမည့်နေရာသို့ တိုက်ရိုက်ပို့ဆောင်၍ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ဝင်ရောက်လာသူများကိုမူ ၎င်းတို့နေထိုင်ရာ ဒေသများသို့ ပို့ဆောင်ရာတွင် လမ်းညွှန် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နေကြသော်လည်း နေရာဒေသ အနီးအဝေး ပေါ်မူတည်ပြီး အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများ ရှိနိုင်သည်ကို သတိထားရမည်ဖြစ်သည်။

 

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မိမိကိုယ်တိုင်သာမက မိမိနှင့်အတူ ဝင်ရောက်လာသူများ၌ ရောဂါကူးစက်ခံနေရမှုရှိနေနိုင်ပြီး ရောဂါပိုးသယ်ဆောင်လာသူများ ဖြစ်နေနိုင်သည့်အတွက် သတ်မှတ်နေရာ အဆောက်အအုံများ၌ အသွားအလာ ကန့်သတ်ထားရှိခံရချိန်တွင် သတ်မှတ်ထားသော စည်းကမ်းများကို တိတိကျကျ လေးလေးနက်နက် လိုက်နာရန် ယခုအချိန်ကာလတွင် အထူးအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေ ၂၉ ရက်နေ့အထိ စာရင်းဇယားများအရ မိမိတို့နိုင်ငံအတွင်း အသွားအလာ ကန့်သတ်ထားသည့် နေရာအရေအတွက် ၉၆၉၄ နေရာရှိပြီး အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားသူ ၅၁၈၆၅ ဦးရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခံထားရသူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများကို တိတိကျကျ လိုက်နာနေထိုင်ကြရန် အထူးအရေးကြီးပါသည်။

 

ယနေ့ကမ္ဘာကြီးတွင် လူသားတို့အမှုမဲ့အမှတ်မဲ့ စားသောက်နေထိုင် ပြုမူဆောင်ရွက်ချက်များက မိမိတို့ပတ်ဝန်းကျင် ဂေဟစနစ်များကို ဖျက်ဆီးမိသကဲ့သို့ဖြစ်လာပြီး ရာသီဥတုများ ဆိုးရွားဖောက်ပြန်လာခြင်း၊ ရောဂါဝေဒနာ အသစ်အဆန်းများ ပေါ်ပေါက်လာခြင်းတို့ တွေ့ကြုံနေရသည်။ အင်အားချည့်နဲ့နေသည့် ကမ္ဘာကြီးကို ကယ်တင်ရန် မိမိတို့တစ်ဦးချင်း တစ်ယောက်ချင်းတွင် တာဝန်ရှိသလို လက်ရှိကြုံတွေ့နေရသော ကပ်ရောဂါ အခြေအနေမှ ကျော်လွှား လွန်မြောက်နိုင်ရန် မိမိကစကာကွယ်ပါဟူသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရင်း မုတ်သုံမိုးနှင့် အတူကမ္ဘာကြီးအတွက် အေးချမ်းသာယာမှုများ သယ်ဆောင်လာနိုင်ပါစေကြောင်း ရေးသားလိုက်ပါသည်။ ။

 

ကြေးမုံ