မူဘောင်အတိုင်းလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အထောက်အကူ အများကြီးပြုနိုင်မယ် (ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း)

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်း လမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပခဲ့ပါသည်။ သုံးရက်တာ ကျင်းပခဲ့သည့် ယင်းအစည်းအဝေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ ချင်းအမျိုးသားတပ်ဦး ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် အစိုးရအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေတို့အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

 

 

 

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ)

 

''ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေနဲ့ အစိုးရဘက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် ခေါင်းဆောင်ကြီးများ သီးသန့်အစည်းအဝေးလုပ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပါ။ ကောင်းအောင် လုပ်ပေးပါဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။ ဒါကြောင့်ဒီအတိုင်း ကျွန်တော်တို့ ဆောင်ရွက်တာ ဖြစ်တယ်။

 

လမ်းညွှန်ချက်များ ချပေး

 

''နောက် အရေးကြီးတဲ့ ကိစ္စတွေမှာလည်း ခေါင်းဆောင်ကြီးများ ကိုယ်တိုင်ပါဝင်ပြီး ဆုံးဖြတ်ချက်တွေ၊ လမ်းညွှန်ချက်တွေ ချပေးနိုင်ဖို့ဆိုတာ ရှိပါတယ်။ အဲဒါကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ( JICM ) နဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မူဘောင်ကို စနစ်တကျ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ယခင်က JICM ရဲ့ မူဘောင်မှာ JICM ကို ပေးထားတာက တစ်ခုပဲရှိတယ်။ အခက်အခဲရှိရင် ဖြေရှင်းဖို့ဆိ်ုတဲ့ နည်းလမ်း ဖြစ်တယ်။ အခုက အခက်အခဲ ရှိရှိ၊ မရှိရှိ UPDJC ကို ကြီးကြပ်ပေးဖို့၊ လမ်းကြောင်းချပေးဖို့၊ လမ်းညွှန် ချက်တွေပေးဖို့ဆိုတာ တကယ့်ထိပ်သီး ခေါင်းဆောင်တွေမှာ အများကြီးပါဝင်ဖို့ လိုအပ်တယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့် JICM ကို လုပ်ပိုင်ခွင့်တွေ အများကြီးပိုပေးပြီး မြှင့်တင်ထားတာရှိတယ်။ အဲဒီမြှင့်တင်ထားတဲ့အပိုင်းကို မူဘောင်မှာ စနစ်တကျ ပြန်ထည့်ထားတယ်။

 

စနစ်တကျလုပ်ရန်လို

 

''အဲဒါအပြင် ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ပေးလိုက်တာက UPDJC ကို အစည်းအဝေးပုံစံမျိုးနဲ့ လုပ်ရုံနဲ့ မလုံလောက်ဘူး။ UPDJC အတွင်းရေးမှူးအဖွဲ့ကိုလည်း သုံးလတစ်ခါလောက်တွေ့ရုံနဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စကို အစည်းအဝေးပုံစံလုပ်လို့ အဆင်မပြေဘူး။ အမြဲတမ်း စဉ်ဆက်မပြတ် ကော်မတီတစ်ခုလို လုပ်ဖို့ဆိုတဲ့ ညွှန်ကြားချက်ရှိပါတယ်။ ဒါကြောင့် UPDJC ကို အမြဲတမ်းကော်မတီပုံစံ အစည်းအဝေးထိုင်နိုင်ဖို့နဲ့ အတွင်းရေးမှူးအဖွဲ့လည်း အလုပ်လုပ်နိုင်ဖို့ ရုံးရှိဖို့လိုတယ်။ ရုံးတွေ စနစ်တကျ လုပ်ဖို့လိုတယ်။ နည်းပညာအထောက်အကူ ပေးနိုင်တဲ့ ပညာရှင်တွေနဲ့လည်း စဉ်ဆက်မပြတ်တွေ့ဆုံဖို့ကို ဖန်တီးဖို့လိုတယ်။ ဒါကို ဆောင်ရွက်ဖို့ဆိုတာ ပါပါတယ်။ ''အခုဆွေးနွေးပွဲအများစုက လုပ်ငန်းကော်မတီမှာ လုပ်တာဖြစ်တယ်။ လုပ်ငန်းကော်မတီမှာ အလုပ်လုပ်နိုင်ဖို့အတွက် အခင်းအကျင်းတစ်ခု ဖန်တီးပေးဖို့လိုတယ်။ ဒါတွေကို အခုအစည်းအဝေးမှာ ဆွေးနွေးထားတယ်။ ဒါကိုလူကြီးတွေဆီ တင်ပြမယ်။ မကြာခင်မှာ UPDJC အစည်းအဝေး ခေါ်ယူပြီး အတည်ပြုမယ်။ အခုရေးဆွဲနေတဲ့ ပုံစံအတိုင်း ညီလာခံကို ကျင်းပမယ်ဆိုရင် ညီလာခံမှာ ဆုံးဖြတ်အတည်ပြုပေးတဲ့ ပုံစံကိုလည်း တတ်နိုင်သရွေ့ ပိုပြီးစနစ်ကျအောင် လုပ်ထားတာ ရှိတယ်။ အခု မူဘောင်အတိုင်းလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အထောက်အကူ အများကြီး ပြုနိုင်မယ်လို့ ပြောချင်ပါတယ်။

 

အကောင်းဆုံးဖြစ်အောင် ကြိုးစား

 

''အခုအစည်းအဝေးက အတွင်းရေးမှူးနဲ့ နည်းပညာအစည်းအဝေး ဖြစ်တယ်။ ဒါ့ကြောင့် ဒီနေ့ဆွေးနွေးတဲ့ ဆွေးနွေးချက်အားလုံးကို အဖွဲ့အစည်းအသီးသီးမှာ တင်ပြမယ်။ အတည်ပြုမယ်။ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး မကြာခင် ကျင်းပရင် ပြန်လည်ပါဝင်မယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်တယ်။ အဲ့ဒီအခါ ကျွန်တော်တို့ တင်ပြ တာကို KNU အနေနဲ့ ပြင်ချင်တယ်ဆိုရင် ပြင်လို့ရတယ်။ ဒါကို UPDJC မှာ တင်ပြမယ်။ အဆုံး အဖြတ်ပေးတာကတော့ UPDJC ဖြစ်ပါတယ်။ NCA စာချုပ်အရ ဆောင်ရွက်တာမို့ UPDJC ဟာ မူဘောင်ကို ပြုပြင်နိုင်တဲ့ အာဏာရှိပါတယ်။ နိုဝင်ဘာလအတွင်း UPDJC အစည်းအဝေးခေါ်ဖို့ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက တင်ပြတာရှိပါတယ်။ အဲဒါကိုလည်း ဆွေးနွေးဖို့ ယူသွားပြီး PPST မှာ တိုင်ပင်မှာ ဖြစ်ပါတယ်။ အခက်အခဲ အများကြီးရှိ ပါတယ်။ ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့အားလုံး ကျော်ဖြတ်မယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်ပါမယ်။''

 

 

 

ဦးလှမောင်ရွှေ (UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)

 

''အခုအစည်းအဝေးကရတဲ့ ကျွန်တော်တို့ရဲ့ မူဘောင် သဘောထား စုစည်းချက်တွေကို သက်ဆိုင်ရာ အစုအဖွဲ့တွေက သက်ဆိုင်ရာ ခေါင်းဆောင်တွေဆီ ပြန်သယ်သွားမယ်။ UPDJC အတွင်းရေးမှူးတွေရဲ့ အစည်းအဝေးမှာ ဒါကို စုစည်းပြီး (၁၈) ကြိမ်မြောက် UPDJC အစည်းအဝေးမှာ ပြန်လည်တင်သွင်းပြီး ညှိနှိုင်းမယ်။ သဘောတူညီချက်တွေ ယူမယ်။ အဲဒီသဘောတူညီ ချက်တွေနဲ့အညီ လာမယ့်ညီလာခံကို ဆက်လက် ကျင်းပပါမယ်။ အခု မူဘောင်သုံးသပ်ချက်က ပြီးခဲ့တဲ့ ညီလာခံရဲ့ အတွေ့အကြုံကိုယူပြီး ခက်ခဲနေတဲ့ အချို့အပိုင်းတွေကို ရှင်းလင်းလွယ်ကူအောင် လုပ်ဆောင်ဖို့ ဆိုတာရှိတယ်။ ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဒီမှာ သဘောတူလို့ မရဘူး။ သူတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ပြန်တင်ပြရမယ်။ အစုအဖွဲ့သုံးစုလုံးရဲ့ အမြင်က ကွဲပြားတာ မတွေ့ရဘူး။ ကျွန်တော်တို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ဘက်မှာ အခက်အခဲမရှိဘူး။ နိုင်ငံရေး ပါတီအစုအဖွဲ့လည်း မရှိဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်မှာတော့ သူတို့ရဲ့ခေါင်းဆောင်တွေကို ပြန်တင်ပြရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတာကြောင့် သဘောထား စုစည်းချက်လို့ပဲသုံးပြီး အဆုံးသတ်နိုင်တဲ့ အနေအထားပါ။

 

ညှိနှိုင်းရန်ရှိ

 

နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်မှာတော့ နေပြည်တော်မှာ စုစည်းချက်တွေထဲကနေ သီးခြား တာဝန်ပေးတဲ့ အတွင်းရေးမှူးတွေကနေ လုပ်ငန်း လမ်းညွှန် (ToR) တွေကိုတွေ့ပြီး ညှိဖို့ရှိတယ်။ အတွင်းရေးမှူး အစည်းအဝေးကို အစိုးရ၊ တပ်မတော်ဘက် အဆိုပြုတာရှိတယ်။ အဲဒီရက်တွေမှာ လုပ်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အကြောင်းပြန်ပါမယ်။ နိုဝင်ဘာလ မကုန်ခင် UPDJC အစည်းအဝေးခေါ်နိုင်ဖို့ ညှိနှိုင်းချက်တွေမှာ ပါပါတယ်။ ဒါတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က အတည်ပြုအကြောင်းပြန်တာမျိုး လုပ်ပေးရမယ်။

 

ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်