မူဆယ် (၁၀၅)မိုင်တွင် “သစ်သီးဝလံကဏ္ဍ(ဖရဲ၊ သခွားမွှေး) ပြည်ပပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ

မူဆယ် ၁၅ ဒီဇင်ဘာ  

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ “သစ်သီးဝလံကဏ္ဍ(ဖရဲ၊သခွားမွှေး) ပြည်ပပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ” အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြန်မာကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း အကြောင်းအရာများနှင့် စပ်လျဉ်းသည့် အမှာစကားပြေားကြားခဲ့ပြီး မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းက အသင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ပြီးနောက် မူဆယ်(၁၀၅)မိုင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က နှုတ်ခွန်းဆက်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနား အစီအစဉ်ကို ပြန်လည်စတင်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်စိုးစိုးလှိုင်က ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပြုံးပြုံးကြည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဗိုလ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးဦးမျိုးသူ၊ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် JETRO မှ Mr. Kojo KUBO တို့က မိမိတို့ဌာနနှင့် သက်ဆိုင်ပတ်သက်သည့် အကြောင်းအရာ ကိစ္စရပ်အသီးသီးတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် IKBZ က ကုန်သွယ်မှု အာမခံနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ ပြည်ပပို့ကုန်များ သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းများ အကောင်ထည်ဖော်ထုတ်ရန် လုပ်ဆောင်မည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဗန်ရိုးထန်(ပြန်/ဆက်)