မူဆယ်-ရွှေလီ နယ်စပ်ဖြတ်သန်းသွားလာရေး ဂိတ်များမှ တရားဝင်ဗီဇာဖြင့် ဝင်/ထွက်သွားလာနိုင်ပြီ

 

မူဆယ်၊ အောက်တိုဘာ ၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာရေးဂိတ်များမှ တရားဝင်ဗီဇာ (Business Visa) ဖြင့် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဝင်/ထွက် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်၍ မူဆယ်-ရွှေလီနယ်စပ် ဖြတ်သန်းသွားလာရေး ဂိတ်ဖြစ်သော နန်းတော်ဂိတ်၌ နံနက် ၆ နာရီခွဲမှ စတင်ကာ မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း ဦးစီး၍ နယ်စပ်ဂိတ်လဝက ဒုတိယဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုးနှင့် အဖွဲ့ဝင်များက FOREIGNER DEPARTURE နှင့် FOREIGNER ARRIVAL တို့အပြင် ဧည့်သည်နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာလျှင် စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။

 

မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့တော်ဝန် Mr. Shang La Sian နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းသွားလာမှု ပိုမိုလွယ်ကူ စေရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။

 

ယနေ့တွင် နန်းတော်ဂိတ်မှ တရားဝင်ဗီဇာ (Business Visa) ဖြင့် ပထမဆုံး ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Mr. Wu Chunming ကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူးတို့က နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး လာရှိုးမြို့သို့ ဆက်လက်သွားရောက်ရန် အဆင်ပြေ လွယ်ကူစေရေးအတွက် ယာဉ်နှင့် ဟိုတယ် တည်းခိုရန်တို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဆောင်ရန်/ ရှောင်ရန်များ၊ ဗီဇာစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောပြခဲ့ကြောင်း သိရှိရသည်။

 

မူဆယ်(ပြန်/ဆက်)