မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီးတွင် (၂၂)ဘီးယာဉ်မှ လမ်း၏တောင်နံရံအား ဝင်တိုက်မိ၍  (၂)ဦးဒဏ်ရာရရှိ  လမ်းပိတ်ဆို့မှုခေတ္တဖြစ်ပွား

မူဆယ် ၁၅ ဇူလိုင် 

 

မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီး ကုန်းအဆင်းတွင် ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က (၂၂) ဘီးယာဉ်မှ လမ်း၏တောင်နံရံအား ဝင်တိုက်မိ၍ ယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါစီးနင်းလာသူ (၂)ဦးဒဏ်ရာရရှိခဲ့ပြီး လမ်းပိတ်ဆို့မှု ခေတ္တဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မူဆယ်ဘက်မှ လားရှိုးဘက်သို့ ဘရိတ်လိုင်နာ ကုန်ကြမ်းမှုန့်များ တင်ဆောင်လာသည့် ယာဉ်မောင်းပေါက်ပေါက်(၂၃)နှစ် မြင်းခြံခရိုင်၊ တောင်သာမြို့၊ အိုင်မဒေါင့် ကျေးရွာနေသူ မောင်းနှင်လာသော (၂၂)ဘီးယာဉ်(အဖြူရောင်)၊ MDY-3D----- FAWသည် နမ့်ပေါ်တံတားအနီး ကုန်းအဆင်းအရောက်တွင် ဘရိတ်ပေါက်၍ လမ်း၏တောင်နံရံအား ဝင်တိုက်မိသဖြင့် မူဆယ်မြို့မှ မန္တလေးမြို့သို့ လမ်းကြုံစီးနင်းလိုက်ပါလာသည့် ဦးဝင်းမြင့်(၄၇)နှစ်နှင့် ယာဉ်မောင်း ပေါက်ပေါက်တို့သည်(မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။

 

လမ်း၏တောင်နံရံအား ဝင်တိုက်မှုကြောင့် ယာဉ်ခေါင်းပိုင်း ပြုတ်ထွက်ကာ ယာဉ်နောက်တွဲသည် ကားလမ်းမ ပေါ်၌ ကန့်လန့်အနေအထားဖြင့် ကျန်ရှိနေပြီး လမ်းခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

 

အဆိုပါလမ်းပိတ်ဆို့မှုအား ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၂၃)မှ ဒုရဲအုပ်ဇော်မျိုးအောင်ဦးဆောင်သည့်အဖွဲ့နှင့် ရဲအုပ်ဆန်းဝင်းနှင့်အဖွဲ့တို့မှ အေးရှားဝေါ်ကုမ္ပဏီရှိ တန်(၆၀)ကရိန်းဖြင့် ဖယ်ရှားရှင်းလင်းခဲ့ရာ ည(၇)နာရီခန့်တွင် လမ်းကြောင်းပွင့်၍ ယာဉ်များပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ယာဉ်မတော်တဆဖြစ်မှုကြောင့် (မစိုးရိမ်ရ) ဒဏ်ရာရရှိသည့် ယာဉ်မောင်းနှင့် ခရီးသည်တို့ကို (၁၀၅)မိုင် ပါရမီလူမှုကူညီရေးအသင်းယာဉ်ဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ကုသရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)