မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၁၀)ဦးဖမ်းမိ

မူဆယ်  ၁၁  သြဂုတ် 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်း နမ့်ဖတ်ကာနှင့် မူဆယ်(၁၀၅)မိုင်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သြဂုတ် ၁၀ ရက် ယာဉ်နှစ်စီးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးခဲ့ရာမှ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၁၀)ဦး ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

 

နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့်  မူဆယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် လှည့်ကင်း ပတ်ကင်းများ ဆောင်ရွက်နေစဉ် သြဂုတ် ၁၀ ရက်က ကြူကုတ်(ပန်ဆိုင်း)မြို့မှ လားရိူးမြို့သို့ ယန်ချုံးလု ရှောက်ဟော်ကျေးရွာနေထိုင်သူ မောင်းနှင်သည့်  MDY/---- မော်တော်ယာဉ်နှင့် ဦးကြည်ချစ်  ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်နေထိုင်သူ မောင်းနှင်သည့် ယာဉ်အမှတ် SH/---- Landcruiser အမျိုးစား မော်တော်ယာဉ်တို့ကို စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား  ဦးဆန်းခွန်းထိုင် ပါ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း တရုတ်နိုင်ငံသား(၁၀)ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

 

ဖမ်းဆီးမိခဲ့သည့် တရုတ်နိုင်ငံသားများမှာ တရုတ်နိုင်ငံ ဖူကျန့်မြို့နေသူများဖြစ်ပြီး ၎င်းတို့ကိုသည် တရုတ်ယွမ်ငွေ ငါးသောင်းခြောက်ထောင်၊  မြန်မာငွေ(၁၉၃၀၀၀၀)ကျပ်၊ ဖုန်းမျိုးစုံ (၁၄)လုံးနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

 

အဆိုပါဖမ်းဆီးမိခဲ့သော တရုတ်နိုင်ငံသားများသည် Wechart အကောင့်မှ အားစန်ဆိုသူနှင့် ခင်မင်ရင်းနှီးခဲ့ပြီး လောက်ကိုင်မြို့တွင် အလုပ်သွားရောက်လုပ်ကိုင်ရန်ရှိကြောင်း ပြောဆိုခဲ့သဖြင့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျန်မြို့မှ ထွက်ခွာခဲ့ရာ သြဂုတ် ၁၀ ရက် နံနက်ပိုင်းက  တရုတ်-မြန်မာ နယ်စပ် ဝမ်တိန်မြို့သို့ ရောက်ရှိခဲ့သည်။

 

ထိုမှတစ်ဆင့် ပန်ဆိုင်းမြို့အနီး တရားမဝင် ဝင်/ထွက်ပေါက်မှ မြန်မာနိုငိငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး မော်တော်ယာဉ်နှစ်စီးဖြင့် ကြူကုတ်(ပန်ဆိုင်း)မိုင်းယုလမ်းကြောင်းအတိုင်း ထွက်ခွာခဲ့ရာ ဖမ်းဆီးခံရခြင်းဖြစ်သည်။

 

အဆိုပါ ဖမ်းဆီးမိခဲ့သည့် ယာဉ်နှစ်စီးနှင့်အတူ တရုတ်နိုင်ငံသား(၁၀)ဦးနှင့် ဆက်စပ်ပစ္စည်းများအား မူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ လဝက မူဆယ်မှ ဒုလဝကမှူးဦးအုန်းဝင်း ဦးစီး၍ ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန့်ဇင်(မူဆယ်)