မူဆယ်နယ်စပ် အသီးရောင်းဝယ်ကွင်းတွင် ရှမ်းဖရဲသီးများ ဈေးပိုရ

မူဆယ် ၅ အောက်တိုဘာ

 

တရုတ်-မြန်မာနယ်စပ်တွင် မူဆယ်(၁၀၅)မိုင် စီးပွားရေးဇုန်နယ်မြေအတွင်းရှိ အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမီတက် သစ်သီးရောင်းကွင်းတွင် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မြန်မာဘက်မှ ဖရဲသီးများကို တရုတ်နိုင်ငံဘက်မှ ဝယ်လက်နည်းသွားသောကြောင့် ဖရဲသီးကားများ တက်မလာကြသလို ဖရဲကုန်သည်များလည်း ခေတ္တရပ်နားခဲ့ရာမှ ယခုလ အောက်တိုဘာလ ပထမပတ်ကစတင်ကာ မြန်မာနိုင်ငံဘက်မှ ဖရဲသီးများကို တရုတ်ဘက်မှ ပြန်လည် အဝယ်လိုက်လာသည့်အတွက် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ဖရဲသီးကားများ တစ်နေ့ထက်တစ်နေ့ ပို၍အဝင်များလာနေပြီး နှစ်နိုင်ငံဘက်မှ ဝယ်ယူရောင်းချသူများဖြင့်  ဗမာဖရဲသီးထက် ရှမ်းဖရဲသီးက ဈေးနှုန်းပို၍ရရှိနေကြောင်း သိရသည်။

 

ရှမ်းပြည်နယ်ပယ်အသီးသီးကထွက်တဲ့ ဖရဲသီးကို ရှမ်းသီး၊ မန္တလေး၊ စစ်ကိုင်း တံတားဦးနဲ့ အောက်ဘက်(ပြည်မ)ကထွက်တဲ့ ဖရဲသီးကို ဗမာဖရဲသီးလို့ ဈေးကွက်အခေါ်အဝေါ်အရ သိရသည်။

 

ရှမ်းသီးအနေအထားအရ များသောအားဖြင့် အအေးပိုင်းဒေသတွေမှာ စိုက်ပျိုးကြတာဖြစ်ပြီး လာရောက်ရောင်းချတဲ့နေရာမှာလည်း ခရီးကသိပ်မဝေးတဲ့အတွက်ကြောင့် အသီးအနေအထားမှာ အပစ်အနာအဆာကင်းပြီး ကျစ်လစ်မှုရှိသလို အခွံနှင့် အလုံးအရည်အသွေးမှာလည်း စိမ်းစိုမှုရှိ၍ လတ်ဆတ်နေကြောင်း၊ ဗမာသီးတွေကတော့ များသောအားဖြင့် ရာသီဥတုအနေအထားအရ ရှမ်းပြည်ထက် အပူချိန်အနည်းငယ်များတဲ့ နေရာဒေသတွေမှာ စိုက်ပျိုးကြတာဖြစ်ပြီး လာရောက် ရောင်းချတဲ့ နေရာမှာလည်း ခရီးက အနည်းဆုံး(၂)ရက်လောက်ထိ လာရောက်ရတာဖြစ်၍ အချိန်ကြန့်ကြာမှုတွေ ဖြစ်တာကြောင့် အသီးအရည်အသွေးတွေမှာ နေပူရှိန်ကြောင့် အနည်းငယ် အရောင်လွင့်ခြင်း၊ ပျော့ပြောင်းခြင်းများ ဖြစ်တာကလွဲလို့ အခြားထွေထွေထူးထူး အပြစ်အနာအဆာ မရှိကြောင်း၊ ရှမ်းသီးနဲ့ ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိတာကလွဲလို့ အရောင်းအဝယ်ကတော့ ရှမ်းသီးရော၊ ဗမာသီးပါ ပုံမှန်အနေအထား ရောင်းဝယ်လျက်ရှိကြောင်း ဖရဲကုန်သည်များထံမှ သိရသည်။

 

သစ်သီးရောင်းဝယ်ကွင်းကို လာရောက်ကြည့်ရှု လေ့လာခဲ့သူတစ်ဦးဖြစ်တဲ့ မွန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က “ကျွန်တော်တို့ဒီဘက်ကို မွန်ပြည်နယ် ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်တဲ့ကုမ္ပဏီများ စသဖြင့် အဖွဲတွေနဲ့အတူ လာရောက်ကြည့်ရှု လေ့လာခြင်းဖြစ်ပါတယ်၊ အဓိကတော့ ဒီဘက်ဈေးကွက် အခြေအနေပေါ့၊ ကျွန်တော်တို့ဘက်တွေမှာလည်း စိုက်ပျိုးပြီး ဒီဘက်အပိုင်းကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ အခုလိုလာရောက်ကြည့်ရှု လေ့လာတဲ့အခါမှာ ကျွန်တော်တို့ တင်ပို့လိုက်တဲ့အခါ တစ်ဖက်နိုင်ငံက တင်ပို့လိုက်တဲ့ ကုန်ပစ္စည်းတွေက တစ်ခါတည်းဘူးနဲ့ ပါကင်လုပ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီအလိုက် တရုတ်ပြည်တစ်ပြည်လုံးကို ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။ ဖြန့်ဖြူးတဲ့အပေါ် မူတည်ပြီး ဈေးကွက်ရောင်းဝယ်မှုအနေအထား ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒီလိုအနေအထားကို ကျွန်တော်တို့အနေနဲ့ ဖြစ်ချင်တာက ဒီလိုကိစ္စမျိုးကို ဖရဲဈေးကျလွန်းလို့၊ အရှုံးပေါ်လို့၊ ကားအစီးလိုက် မရောင်းရလို့ စသည့် ပြဿနာမျိုးတွေမဖြစ်အောင် အခုလို ဒီကဒိုင်တွေနဲ့ တစ်ဖက်နိုင်ငံက ကုန်သည်အရောင်းအဝယ်သမားတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ထိုက်သင့်တဲ့ အကျိုးအမြတ်လေးရအောင် လုပ်ပေးနိုင်မယ်ဆိုရင် လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းကြီးက ပိုပြီးတိုးတက်လာနိုင်မယ်လို့ ကျွန်တော်မြင်မိပါတယ်”ဟု ပြောသည်။

 

အောင်ဟိန်းပွဲရုံပိုင်ရှင် ဦးကျော်က “လောလောဆယ်အနေအထားမှာ ရှမ်းသီးက ဗမာသီးထက် ဈေးပိုရနေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှမ်းသီးက ဒီနှစ်မိုးနည်းတဲ့အတွက် အသီးအရည်အသွေးက အရင်နှစ်ကအသီးတွေနဲ့ မတူဘူး။ ဒီနှစ်ထွက်တဲ့အသီးက အလုံးကြီးတာခြင်း အတူတူ အတွင်းသားလည်းကောင်းပြီး အပြင်အရောင်လည်းကောင်းတာကို တွေ့ရပါတယ်။ ဗမာသီးအနေအထားကြတော့ လောလောဆယ်ဆယ် မိတ္ထီလာ၊ မြင်းခြံသီးတွေ ပေါ်နေတဲ့ အတိုင်းအတာမှာ မိုးတအားများတယ်၊ အမှည့်စိုက်တွေ တအားဝင်ပြီး သူရဲ့အရည်အသွေးကို မှန်မှန်ကန်ကန်မခူးရတဲ့အတွက် ပယ်သီးလည်းကျသလို အဝေးတင်လဲမကောင်းဘူး။ ဒါကြောင့် ရှမ်းသီးနဲ့ ဗမာသီး ဈေးနှုန်းကွာဟမှုဖြစ်တာပါ။ အခုဆိုရင် အအေးပိုင်းရောက်လာတဲ့အတွက် ရှေ့ရှောက် ဗမာသီးက ကောင်းလာတော့မှာ ဖြစ်ပါတယ်။ အောက်တိုဘာလ (၁၅)ရက်နောက်ပိုင်းဆိုရင် အရည်အသွေးကောင်းတဲ့ အသီးတွေ တက်လာတော့မှာ ဖြစ်ပါတယ်၊ တရုတ်ဝယ်လက်အနေနဲ့တော့ စောစောပိုင်းက ဝမ်တိန်ထဲမှာရောင်းနေတဲ့ အချိန်တော်တော်များများ ဆုံကြတယ်။ မြန်မာပြည်ဘက်မှာ ရောင်းတဲ့ အချိန်တော့ ဈေးကွက်အနည်းငယ် ကွာဟသွားတဲ့ရက် နောက်ပိုင်းဆိုရင် အရည်အသွေး ကောင်းလဲဆိုတော့ တရုတ်ဝယ်လက်တွေအနေနဲ့ စာအုပ်မရကြသေးတာလည်းပါတယ်။ တကယ်လို့ စာအုပ်တာ ရကြမယ်ဆိုရင် တော်တော်များများ လာရောက်ဝယ်ယူကြမယ်လို့ထင်ပါတယ်။ အခုတော့ ဝယ်လက်နည်းသေးတော့ ဈေးကွက်က ကွာနေသေးတယ်။ ကျွန်တော်တို့ဘက်က တောင်သူတွေအနေနဲ့ အရည်အသွေး စိုက်ကွာလတီကောင်းကောင်းလေးနဲ့ မြေသြဇာ မှန်မှန်ကန်ကန်ကြွေးပြီးတော့ အသီးဖြစ်ထွန်းအောင် တရုတ်ရဲ့ Export ကို မှီအောင် စိုက်ပျိုးနိုင်ရင်တော့ ဈေးကွက်ပြန်ကောင်းလာ မှာပါ၊ အခုက မြန်မာတွေက မိုးနဲ့အဆင်ပြေသလို စိုက်ပျိုးနေတော့ အသီးက သူတို့လိုချင်တဲ့ အရည်အသွေးမရဘူး။ တကယ်တန်း တရုတ်တွေလာစိုက်တယ်ဆိုတာ သူတို့က အရည်အသွေး ပြည့်ဝအောင်လုပ်တယ်၊ အသီးကွာလတီ မှန်မှန်ကန်ကန်တင်တယ်၊ အထက်အောက် ညီညာမှုရှိတယ်၊ ကျွန်တော်တို့ဘက်က စိုက်ပျိုးသူတွေက ရှိတဲ့အသီးတင်ရတာဆိုတော့ အရည်အသွေးညံ့ပြီး တရုတ်ဈေးကွက်ကို လိုက်မမှီဘူး။ အခုတော့ မြန်မာတွေအနေနဲ့ ဒွတ်ပိုက်၊ ပလတ်စတစ်တွေနဲ့ စိုက်ပျိုးလာတော့ အရင်ထက်စာရင် အရည်အသွေး ကောင်းမွန်လာတာကို တွေ့ရပါတယ်”ဟု ပြောသည်။

 

ခွာညိုပွဲရုံပိုင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းခင်မောင်က “လောလောဆယ် အသီးရောင်းဝယ်မှုကောင်းပါတယ်၊ ကောင်းတယ်ဆိုတာက အသီးကားအဝင်နည်းလို့ပါ၊ ဒီနေ့ဆိုရင် အဝင်ကားအစီးရေ (၃၀)လောက် ဝင်ရောက်ရောင်းချတာကို တွေ့ရပါတယ်၊ ပြီးခဲ့တဲ့အပတ်တွေတုန်းက အသီးကားအစီးရေ ၁၀ဝ ကျော် ရှိနေတဲ့အချိန်မှာ အသီးဈေးအနည်းငယ်ကျသွားတယ်၊ အခုချိန်တော့ အဝင်ကားနည်းပြီး ဝယ်လိုသူက ပုံမှန်ရှိပြီး ရောင်းသူကနည်းတဲ့အတွက် အရည်အသွေးအရ ဈေးတက်လာတယ်၊ စက်တင်ဘာလက အသီးကား အဝင်နည်းတော့ အသီးကားတွေက တရုတ်နိုင်ငံ ဝမ်တိန်ဘက်က ဒါရိုက်မောင်းသွားပြီး ရောင်းကြတယ်၊ ရောင်းတဲ့အချိန်တော့ ဈေးက ပုံမှန်မရှိဘူးပေါ့၊ အခုဆိုရင် အောက်တိုဘာ (၁)ရက်နေ့စပြီး ပြန်ရောင်းချနေပြီ၊ နောက်ဆိုရင်တော့ ရာသီချိန်ကုန်တဲ့အထိ ဒီအသီးကွင်းထဲမှာပဲ အရောင်းအဝယ်လုပ်ကြတော့မယ် ထင်ပါတယ်။ အခုလက်ရှိ ဖရဲသီးဈေးကတော့ (၁)တန်ကို တရုတ်ငွေ ယွမ် (၂၀ဝ၀) အထက်မှာရှိပြီး အောက်ပိုင်းအသီးတွေကတော့ အမြင့်ဆုံးဈေး (၁)တန်ကို အမြင့်ဆုံးဈေး (၁၆၀ဝ)ခန့်ထိသာ ရရှိကြောင်းနှင့် အသီးအရည်အသွေးပေါ် မူတည်ပြီး ရရှိတာဖြစ်ပါတယ်”ဟု ပြောသည်။

 

ဖရဲသီးများကို မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ (၆)ဘီးယာဉ်ဖြင့် (၁၀)တန်ထိလည်းကောင်း၊ (၁၂)ဘီး ယာဉ်ဖြင့် (၁၆)တန်မှ (၁၇)တန်ထိလည်းကောင်း တင်ဆောင်ပြီး ရောင်းချနေတာဖြစ်ကြောင်း သိရသည်။

 

နှစ်နိုင်ငံ သစ်သီးရောင်းဝယ်ကွင်းတွင် ရာသီချိန်ရောက်ရှိတဲ့အချိန်တိုင်း အရောင်းအဝယ်ပြုလုပ်နေသည့် ဖရဲသီး အမျိုးအစားများမှာ မိုးသီးများဖြစ်သည့် 212 (ခ) ကုလားမသီး၊ 855 (ခ) ကျား၊ ထျန်ဝမ်၊ အစေ့မဲ့၊ 1416 စသည့်ဖရဲသီးများ အရောင်းအဝယ်ပြုလုပ်နေတာဖြစ်ပြီး အဆိုပါဖရဲသီးများ၏ ဈေးနှုန်းများမှာ လက်ရှိအနေအထားအရ ဗမာဖရဲသီးဈေးက တရုတ်ယွမ်ငွေ 1.00 -1-40 ရှမ်းသီးကတော့ တရုတ်ယွမ်ငွေ 2.00 ယွမ်ထိ ရရှိကြောင်းနှင့် မူဆယ်နယ်စပ် နှစ်နိုင်ငံသစ်သီးရောင်းဝယ်ရေးကို နေ့တိုင်း မနက် ၆ နာရီကနေ ၉ နာရီဝန်းကျင်အထိ ဝယ်ယူရောင်းချနေကြောင်း သိရသည်။

 

သန့်ဇင်(မူဆယ်)