စောအောင်လင်း

မူးယစ်ဆေးဝါးသည် ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ပြောင်းလဲစေနိုင်ပြီး ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် ဘေးဒုက္ခဖြစ်စေကာ စွဲလမ်းမှုကိုဖြစ်စေသည်။ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်မားလာခြင်းသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်နေကြရသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သောဆေးဝါးများ၏အဓိပ္ပာယ်ကို ခွဲခြားလေ့လာရာ တွင် -

- ဆေးဝါး (Drug) ဆိုသည်မှာ သက်ရှိခန္ဓာကိုယ် အတွင်းရောက်ရှိပြီး လုပ်သင့်၊ ဆောင်ရွက်သင့်သည့် လုပ်ငန်းများက လုပ်ကိုင်ဆောင်ရွက်သော အရာဝတ္ထုပစ္စည်း၊

- မူးယစ်ဆေးဝါး (Narcitics) ဆိုသည်မှာ မည်သည့်မူးယစ်ဆေးဝါးမဆို သုံးစွဲလိုက်ပါက ဦးနှောက်အာရုံကြောကို ထိခိုက်ထုံထိုင်းစေခြင်း၊ မူးယစ်စေခြင်း၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းဖြင့် အန္တရာယ်ဖြစ်စေခြင်း (သုံးစွဲမိပါက စိတ်ရောကိုယ်ပါ စွဲလမ်းသွားတတ်ပြီး ဆက်၍မသုံးရပါက မနေနိုင်အောင် စွဲလမ်းသွားတတ်သည်)

- စိတ်ကိုပြောင်းလဲစေသောဆေး (Psycho- tropic Sustance) ဆိုသည်မှာ ခံစားမှု၊ အသိစိတ်နှင့် အပြုအမူများကို ပြောင်းလဲစေသောဆေးဝါးများ ဖြစ်ကြသည်။

ဘိန်းဆိုသည့်ဝေါဟာရ

မူးယစ်ဆေးဝါးများချက်လုပ်ရာတွင် ဘိန်းကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုကြသည်။ ဘိန်း ဆိုသည့် ဝေါဟာရသည် မြန်မာစကားမဟုတ်ပါ။ အာရှမိုင်းနားဘက်တွင် အီဖျန်းဟု ခေါ်ဆိုခဲ့ကြပြီး ပါဠိစကားအရ အဟိဖေန၊ သက္ကတစကားအရ အဖေန၊ ဟိန္ဒူစကားအရ အဖိန်းဟုခေါ်ဆိုခဲ့သည်။ ထိုမှ မြန်မာစကား ဘိန်းဟုခေါ်ဆိုခဲ့ကြောင်း လေ့လာသိရှိရသည်။

ဘိန်းသည် မြေထဲပင်လယ်ဒေသနှင့် အရှေ့ အလယ်ပိုင်း‌ဒေသများတွင် အစောဆုံးတွင်ကျယ်ခဲ့ကြပြီး ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား တောင်ပိုင်း၌နေထိုင်ကြသည့် ဆူမားဒီးယန်း လူမျိုးများက ဘိန်းအကြောင်းကို သိရှိခဲ့ကြသည်။ ရှေးဟောင်းအီဂျစ်မှတ်တမ်းများအရ ဘိန်းကို အိပ်ဆေးအဖြစ် အသုံးဝင်ကြောင်းနှင့် ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၂၀၀၀ ခန့်ကတည်းက သိရှိခဲ့ကြသည်ဟုလည်း မှတ်သားရသည်။

အာရှတိုက်၌ ၁၁ ရာစုတွင် အိန္ဒိယ၌ ဘိန်း စတင်စိုက်ပျိုးခဲ့ပြီး ၁၆ ရာစုတွင် ကျယ်ပြန့်လာခဲ့သည်။ ခရစ်နှစ် ၁၆၂၈ ခုနှစ်မှ ၁၆၄၄ ခုနှစ်ထိ တရုတ်နိုင်ငံ မင်မင်းဆက်၏ နောက်ဆုံးဧကရာဇ် ချန်ချင် လက်ထက်တွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ချိန်မှစ၍ ဘိန်းသုံးစွဲမှုစတင်ခဲ့သည်ဟု ဆိုကြသည်။

ဗြိတိသျှနယ်ချဲ့တို့သည် ၎င်းတို့၏ကိုလိုနီဖြစ်သည့်အိန္ဒိယနိုင်ငံတွင် ဘိန်းအကြီးအကျယ် စိုက်ပျိုး စေခဲ့ပြီး ထိုမှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချခဲ့သည်။ တရုတ်ပြည်တွင် သမိုင်းတွင်ခဲ့သည့် ဘိန်းစစ်ပွဲကြီးသည် နယ်ချဲ့တို့၏ လူမျိုးပျက်ပြုန်းဖိနှိပ်ရေးနည်းဗျူဟာတစ်ရပ်ဖြစ်သည်။ တရုတ်ပြည်တွင် ၁၉ ရာစုတစ်လျှောက်လုံးဖြစ်ပွားခဲ့သည့် ဘိန်းပြဿနာသည် ၂၀ ရာစု၌ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့လာခဲ့သည်။ ကမ္ဘာပေါ်တွင် ဘိန်းကုန်ကူးခြင်းကို ဗြိတိသျှတို့က စတင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်ဦးပိုင်းက အိန္ဒိယနိုင်ငံမှတစ်ဆင့် ဘိန်းများရောက်ရှိလာ ကြောင်းနှင့် ဘိုးတော်ဘုရားလက်ထက်တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။ နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာတိုင်းရင်းသားများအား ဘိန်းစားခြင်း၊ ဘိန်းအသုံးပြုခြင်းကို မတားမြစ်ခဲ့သည့်အပြင် ၁၈၅၆ ခုနှစ်နှင့် ၁၈၅၇ ခုနှစ်များတွင် ဘိန်းနှင့် ဆေးခြောက်များကို အကောက်လွတ်စေခဲ့ပြီး ၁၈၆၀ ပြည့်နှစ်တွင် မြို့ကြီးများ၌ ဘိန်းလိုင်စင်များ ထုတ်‌ပေးခဲ့သည်။

ဘိန်းသည် မနာကျင်စေဘဲ မူးယစ်မိန်းမောစေသည့်သတ္တိရှိခြင်းကြောင့် ရှေးခေတ်က ထိုးကွင်း မင်ကြောင်ထိုးသူအချို့သည် ဘိန်းစားပြီး ဆေးမင်ကြောင်ထိုးခဲ့ကြရာမှ ဘိန်းစတင်သုံးစွဲခဲ့ကြသည်။ ၁၈၇၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ဘိန်း အန္တရာယ်ကို မတားမြစ်ခဲ့သည့် နယ်ချဲ့အစိုးရကို ရှုတ်ချအပြစ်တင်ရေးသားခဲ့သည်။

ယခင်က မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ဘိန်းဖြူကို အမှုန့်အဖြစ် ထုတ်လုပ်ကြသည်။ ဘိန်းဖြူမှုန့်ကို စီးကရက်တွင်ထည့်၍ အငွေ့ကို ရှူရှိုက်ခြင်း၊ အရည်ဖျော်၍ ဆေးထိုးအပ်ဖြင့် သွေးကြောအတွင်း ထိုးသွင်းခြင်းတို့ဖြင့် အသုံးပြုကြသည်။ ယခုအခါ မူးယစ်ဆေးဝါးများကို အမှုန့် အဖြစ်သာမက ဆေးပြား၊ အရည်စသည့်ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်လာကြသည်။ ယခုအခါ ဘိန်း၊ ဘိန်းဖြူ၊ ဆေးခြောက်များအပြင် WY ICE Happy WaterKatamine (K) Ecstasy (E) စသည့် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ရောင်းချ သုံးစွဲလာကြသည်။

ယနေ့ခေတ်စားနေသည့် ဟက်ပီးဝါးတားသည် အမှုန့်အဖြစ် ထုတ်လုပ်ထားသော်လည်း ထိုအမှုန့်ကို ရေ၊ အချိုရည်၊ ဘီယာများတွင် ထည့်သွင်းသုံးစွဲကြသည်။ ဟက်ပီးဝါးတားတွင် အက်တစီ၊ ကတ်တမင်း၊ မက်သာဖက်တမင်း၊ ထရာမ‌ဒေါလ်၊ ဒိုင်ယာစီပင်နှင့် ကဖင်း စသည့်ပစ္စည်းများ ထည့်သွင်းထုတ်လုပ်ထားရာ သုံးစွဲလိုက်ပါက အချိန်တိုအတွင်း ပေါ့ပါးလန်းဆန်း၍ စိတ်ပျော်ရွှင်လာကာ ကခုန်လိုစိတ်များ ဖြစ်ပေါ်လာသည်။ လူငယ်အချို့သည် ဆေးဝါးရရှိနိုင်သည့် နိုက်ကလပ်၊ ကေတီဗွီ၊ ကာရာအိုကေဆိုင်များသို့ သွားရောက်ပြီး ဟက်ပီးဝါးတားနှင့် အချိုရည်၊ ဘီယာ တို့ ရောစပ်သုံးစွဲကာ သီဆိုကခုန်ပျော်ပါးကြသည်။

မည်သည့်မူးယစ်ဆေးဝါးမဆို အစလုပ်၍ သုံးစွဲမိပါက စွဲလမ်းသွားတတ်ပြီး နောက်ပိုင်း၌မသုံးရလျှင် မနေနိုင်သည့်အဆင့်သို့ ရောက်ရှိသွားတတ်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် အကျင့်စာရိတ္တများ ထိခိုက်ပျက်စီးကြရသည်။ မူးယစ်ဆေးသုံးစွဲ ခြင်းသည် လမ်းမှား၏ ခရီးအစဖြစ်ပြီး လမ်းအဆုံးတွင် ခန္ဓာကိုယ်ရော ဦးနှောက်ပါ ထိခိုက်ပျက်စီးကြရသည်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာများ ထိခိုက်ဆုံးရှုံးကြရသည်။

စိတ်ပိုင်းဆိုင်ရာတွင် စိတ်ကျရောဂါ၊ စိတ်ကျန်းမာရေးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ မိသားစုစိတ်ဓာတ်လျော့နည်းမှု၊ လိင်စိတ်အားနည်းမှု၊ ပြင်းထန်စွာစိုးရိမ် ကြောင့်ကြမှုများကို ခံစားရတတ်သည်။

ကိုယ်ခန္ဓာပိုင်းဆိုင်ရာတွင် အသက်ရှူနှုန်း၊ နှလုံးခုန်နှူန်းမြန်ဆန်ခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ အနာစိမ်းများပေါက်ခြင်း၊ အိပ်ပျော်သတိမေ့ခြင်း၊ သွေးဆိပ်တက်ခြင်း၊ အတက်ရောဂါ၊ အဆုတ်ရောဂါ၊ သွေးကြောပိတ်ရောဂါနှင့် ခုခံအားကျဆင်းမှုရောဂါတို့ ခံစားရတတ်သည်။

လူမှုရေးဆိုင်ရာတွင် ပတ်ဝန်းကျင်၌ သိက္ခာကျဆင်းခြင်း၊ ယုံကြည်မှု၊ အားထားမှု၊ အားကိုးမှု၊ လေးစားမှုများလျော့ကျခြင်း၊ မိသားစုအတွင်း ပြဿနာဖြစ်မှု၊ ရာဇဝတ်ပြစ်မှုများကျူးလွန်မှု၊ လူမှုပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်မှု၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည်တို့ ထိခိုက်မှုများဖြစ်တတ်ပါသည်။

မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများကို လေ့လာရာတွင် (၁) စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်း၊ (၂) မူးယစ်ဆေးဝါးသုံးစွဲသူများ၏ဆွဲဆောင်စည်းရုံးမှုခံရခြင်း၊ (၃) အပေါင်းအသင်းအပေါ် အထင်ကြီးအားကျခြင်း၊ (၄) အပေါင်းအသင်းနှင့် အသိုက်အဝန်းမှခွဲထွက်ရန် ခက်ခဲခြင်း၊ (၅) မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဗဟုသုတနည်းပါးခြင်း၊ (၆) ပင်ကိုဗီဇညံ့ဖျင်းသည့် ကိုယ်ရည် ကိုယ်သွေးရှိခြင်း၊ (၇) လူမှုရေးပြဿနာများရှိခြင်း၊ (၈) မိသားစုအတွင်း ဆက်ဆံရေးမပြေလည်ခြင်းနှင့် (၉) စိတ်လေလွင့်၍ အပေါင်းအသင်းများ၏ ဆွဲဆောင်မှုခံရခြင်းတို့ကြောင့်ဖြစ်သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိတ်ဖွဲ့မှုကိုရှောင်ကြဉ်ခြင်း၊ မည်သည့်မူးယစ်ဆေးကိုမှ စမ်းသပ်သည့်သဘောဖြင့် မသုံးစွဲမိရန်လိုအပ်ခြင်း၊ တစ်ခါတစ်ရံ သုံးစွဲရုံဖြင့် ဆေးမစွဲနိုင်ဟု မယူဆဘဲ သုံးစွဲမှုမပြုခြင်း၊ ပြဿနာတစ်ခုခုကြောင့် စိတ်ညစ်၍ မူးယစ်ဆေးသုံးပြီး ဖြေရှင်းမှုမပြုခြင်း၊ ရောဂါတစ်ခုခုအတွက် သုံးစွဲရပါက တတ်ကျွမ်းသည့် ဆရာဝန်၏ ညွှန်ကြားချက်မှလွဲ၍ မည်သည့်မူးယစ် ဆေးကိုမှ အသုံးမပြုခြင်း စသည်တို့ကို လိုက်နာကြရန် လိုအပ်ပါသည်။

မူးယစ်ဆေးဝါး တားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်

မူးယစ်ဆေးဝါးပြဿနာသည် လူတစ်ဦး၊ လူတစ်စု၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခု၏ အရေးတစ်ခု သာမဟုတ်ဘဲ လူသားအားလုံး၏အရေးဖြစ်သည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က အစိုးရများ သည် မူးယစ်ဆေးဝါး တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

၁၉၄၈ ခုနှစ်တွင် ဘိန်းစုံစမ်းရေးကော်မရှင် ဖွဲ့စည်း၍ ပြည်သူများ၏သဘောထားခံယူခဲ့သည်မှ အစပြုကာ ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ခေတ်မှ ယနေ့ကာလတိုင်အောင် ခေတ်အဆက် ဆက်တွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဆိုင်ရာဥပဒေများ သတ်မှတ်ပြဋ္ဌာန်းဆောင်ရွက်‌ပေးခဲ့ကြသည်။

၁၉၇၄ ခုနှစ်မှစတင်၍ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၇၆ ခုနှစ် ဖေဖော် ဝါရီ ၃ ရက်နေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်နှင့် တိုင်းများတွင်လည်း ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးအတွက် စစ်ဆင်ရေးကြီးများကို အသက်၊ သွေး ၊ ချွေးများစွာ စတေး၍ဆင်နွှဲခဲ့ကြသည်။ ၁၉၉၉ - ၂၀၀၀ ပြည့်နှစ်မှစ၍ (၁) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ (၂) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက်ရေးဟူသည့် မဟာဗျူဟာ နှစ်ရပ်ချမှတ်ဆောင်ရွက်ခဲ့သည်။

ထို့ပြင်(၁) ထုတ်လုပ်မှုပပျောက်ရေး၊ (၂) သုံးစွဲမှုပပျောက်ရေး၊ (၃) တားဆီးနှိမ်နင်းရေး စသည့် နည်းဗျူဟာသုံးရပ် ချမှတ်ဆောင်ရွက်ခဲ့သည်။ ဘိန်းအဓိကစိုက်ပျိုးသည့်ဒေသများဖြစ်သည့် ရှမ်း ပြည်နယ်မှ မြို့နယ် ၄၀၊ ကချင်ပြည်နယ်မှ ခြောက်မြို့နယ်၊ ကယားပြည်နယ်မှ သုံးမြို့နယ်နှင့် ချင်း ပြည်နယ်မှ နှစ်မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် နည်းဗျူဟာသုံးရပ်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။

၁၉၉၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး (ဗဟို) အဖွဲ့ကို ဖွဲ့စည်း ၍ ပြည်နယ်နှင့် တိုင်းအဆင့်၊ မြို့နယ်အဆင့်များထိ ဖွဲ့စည်းကာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည်။ နှစ်စဉ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်စာပေပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ များ ကျင်းပပေးခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးစွဲကုဌာနကြီး ၂၆ ခု၊ ဌာနငယ် ၄၇ ခု၊ လူငယ်ပြုစုပျိုးထောင်ရေးဌာနနှစ်ခု ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ‌ရေးကောင်စီ ဥပဒေ အမှတ် ၁၇ / ၂၀၂၅ ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။

မူးယစ်ဆေးဝါးသည် လူငယ်များအပါအဝင် လူသားအားလုံး၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အကျင့်စာရိတ္တနှင့် ယဉ်ကျေးမှုနယ်ပယ်များကို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကိုလည်း အဟန့်အတားဖြစ်စေပါသည်။

အချုပ်အားဖြင့် မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားမျိုးနွယ်အားလုံးအတွက် ကြီးမားသည့် ရန်စွယ်တစ်ခုဖြစ်ပါသည်။ တိုင်းရင်းသားမိဘ ပြည်သူများက မူးယစ်ဆေးဝါးတားဆီးကာကွယ် ရေးလုပ်ငန်းစဉ်များတွင် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ကြခြင်းသည် နိုင်ငံတော်အတွက် မြင့်မြတ်သည့် အမျိုးသားရေးတာဝန်တစ်ရပ်ကို ထမ်းဆောင် ခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို တွန်းလှန်ပယ်ဖျက်ရန် အတွက် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားနိုင်ကြပါရန် တိုက်တွန်းရင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

ကိုးကား -

-        ဒေါက်တာအုန်းမောင်၏ မူးယစ်ဆေးဝါး အန္တရာယ် ( ၁၉၇၄ ခုနှစ် )

-        မူးယစ်ဆေးဝါးနှင့် ခုခံအားကျဆင်းမှု ကူးစက် ရောဂါ စီမံချက်စာစောင်

-        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ သတင်းစကားစာစောင် (၂၀၂၃ ခုနှစ် )

-        နေ့စဉ်ထုတ်သတင်းစာများ