မူးယစ်ဆေးဝါးအန္တရာယ် ထိရောက်စွာတိုက်ဖျက်

၉ သြဂုတ်
 

 

နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားသော မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာနသို့ ဆက်သွယ် တိုင်ကြားလာသော သတင်းများအရ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်မှ ဩဂုတ်လ ၄ ရက်နေ့အထိ စုံစမ်းဖော်ထုတ်ခဲ့ရာ အမှုပေါင်း ၁၀၉ မှု ဖွင့်လှစ်အရေးယူခဲ့ပြီး ကျား၊ မ ၁၆၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ်လ ၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားကြောင်း ဇွန်လ ၂၆ ရက်နေ့က အများပြည်သူသို့ အသိပေးထုတ်ပြန်ကြေညာခဲ့ရာ ဌာနဖွင့်လှစ်ပြီးနောက်မှစ၍ ပြည်သူများက အသိပေးတိုင်ကြားလာခဲ့ကြပြီး နှစ်လနီးပါး အချိန်ကာလအတွင်း ယခုကဲ့သို့ မူးယစ်ဆေးဝါး အမှုများကို ဖော်ထုတ်အရေးယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

 

ဖမ်းဆီးရမိသည့်အမှုပေါင်း ၁၀၉ မှုကို ကြည့်ပါက နိုင်ငံအတွင်းနေရာဒေသစုံမှ ဖြစ်သော်လည်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးပမာဏမှာ နည်းပါးနေသေးကြောင်း၊ သတင်းပေးတိုင်ကြားမှုများအရ ဖြန့်ဖြူးရောင်းချသည့် ဝယ်လက်လေးများနှင့် သုံးစွဲသူများကိုသာ ဖမ်းဆီးနိုင်သေးကြောင်း တွေ့ရှိရမည် ဖြစ်သည်။

 

အမှန်တကယ်တွင် မူးယစ်ဆေးဝါး အမှုများနှင့်ပတ်သက်၍ ဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုပါက မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး စိတ်ကြွရူးသွပ်ဆေးပြားများကို သိန်းနှင့်သန်းနှင့်ချီ၍ ဖမ်းဆီးရမိခဲ့သော ဖြစ်စဉ်များရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထိုကဲ့သို့ဖမ်းမိသော ဖြစ်စဉ်များတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူစသည့် အမှန်တကယ် လက်ကြီးသမားများကို ဖမ်းဆီးရမိခြင်းမရှိဘဲ လက်ဝယ်တွေ့သည့် သုံးစွဲသူ၊ အခကြေးငွေဖြင့် သယ်ဆောင်သူ၊ ပိုင်ရှင်မဲ့စသည်တို့ကိုသာ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များသာဖြစ်သည်ကို သတိပြုမိကြလိမ့်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်ကို မကြာသေးမီက ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်သည်။ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်အရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးအတွက် သုံးစွဲမှုနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေးနှင့် လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေး စသည့်ကဏ္ဍပေါင်းစုံပါဝင်ပြီး မူးယစ်ဆေးဝါးပြဿနာ လျှော့ချခြင်းအားဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။

 

ထို့အတူ နိုင်ငံတော်သမ္မတကလည်း မူးယစ်ဆေးဝါးပြဿနာများ နှိမ်နင်းရာတွင် အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်သည့် လက်ကြီးသမားများကို ဦးစားပေးနှိမ်နင်းရန်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများကို မသိချင်ယောင်ဆောင်ထားမှု၊ သိလျက်နှင့်လွှတ်ထားမှု ဖြစ်စဉ်မျိုးများဖြစ်လာလျှင် အဓိကတာဝန်ရှိသူများကို ဦးစားပေးအရေးယူရန် လမ်းညွှန်မှာကြားထားသည်ကိုလည်း တွေ့ရသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်း လူငယ်ထုတစ်ရပ်လုံးကို အန္တရာယ်ပေးနေပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဟန့်အတားဖြစ်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများနှင့် တာဝန်ရှိသူများ အပိုင်းက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိထိရောက်ရောက် ပူးပေါင်းတိုက်ဖျက်ရမည်ဖြစ်သကဲ့သို့ မူးယစ် ဆေးဝါး၏ ဆိုးကျိုးများကို လူငယ်လူရွယ်များအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး လုပ်ငန်းများကိုလည်း ပိုမိုတိုးမြှင့် ဆောက်ရွက်သွားရမည် ဖြစ်ပါကြောင်း။ ။