မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၃  

 

မိုးညှင်းမြို့နယ်၊ ကောကရိတ်မြို့နယ်၊ မြိတ်မြို့၊ ဒေါပုံမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇာနည်အောင်(ခ) ဇာနည် မောင်းနှင်ပြီး ဇေယျာဦး လိုက်ပါလာသည့် Nissan အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ Ammonium Nitrate ကီလို ၁,၇၆၀ ကို လည်းကောင်း။

 

အလားတူ ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာအုပ်စု၊ တံတားကျိုးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုးကျော်သူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁,၂၄၈ ပြား၊ ပစ္စတိုသေနတ် ၁ လက်၊ ယင်းကျည် ၁၁ တောင့်၊ ယင်းကျည်အိမ် ၁ ခု တို့ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ကလွင် ကျေးရွာအုပ်စု၊ ချောင်းတူးငယ်ကျေးရွာနေ မစန်းသီ၏နေအိမ်ကို သွားရောက်စစ်ဆေးရှာဖွေရာ ၎င်းနှင့်အတူ သားဖြစ်သူ မျိုးသီဟ(ခ) သားဖြူအား တွေ့ရှိရပြီး နေအိမ်ပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၀၀၀ ကိုလည်းကောင်း။

 

ထို့အတူ  ယင်းနေ့ နံနက် ၇ နာရီ ၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံ ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း၊ အမှတ်(၁၉/က)နေ မစံပယ်ဝင်း၏နေအိမ်ကို သွားရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ကိုလည်းကောင်း၊  ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ နားဝိုင်ကျေးရွာအုပ်စု၊ မော်ဟစ်ကျေးရွာအနီး၊ မူဆယ်-လားရှိုး သွားပြည်ထောင်စုလမ်းမကြီးတွင် ဆိုင်းနော်မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီတွင် ကွတ်ခိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြည်လုံးချမ်းသာတိုးချဲ့ရပ်နေ အိုက်ကြူး(ခ) ဟိန်းထက်၏နေအိမ်သို့ သွားရောက်စစ်ဆေးရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်းမှ ဘိန်းဖြူ သုည ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၀၀ တို့ကိုလည်းကောင်း သိမ်းဆည်းရ မိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)