မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇူလိုင် ၂၄  

မံစီမြို့နယ်၊ မြဝတီမြို့၊ စစ်တွေမြို့၊ ကွတ်ခိုင်မြို့နှင့် နောင်ချိုမြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၃ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မံစီမြို့နယ်၊ မံသာကျေးရွာ အုပ်စု၊ မံရကျေးရွာအနီး၊ ဟန်ထက်-  မံသာသွား ကားလမ်းတွင် မခင်ညွန့်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၇၅၀ နှင့် ဘိန်းစိမ်း သုညဒသမ ၅၅ ကီလိုကိုလည်းကောင်း၊   ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ ရေပူလမ်းတွင် ရပ်တန့်ထားသည့် HONDA STEP WGN အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဆန္ဒကျော် (ခ) သားကြီး (ခ) ဝတုတ်၊ မနော်ဖောဘွန်း (ခ) အနောနှင့် မသီတာထွန်း တို့ကိုတွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း သိမ်းဆည်းမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့၊ ကသဲရပ်ကွက်၊ မဏိပူရလမ်းရှိ မချိုမာခိုင် (ခ) ယာယီ ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၉၇၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချခိုင်းသူ ဦးခင်မောင်ကို စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ ဗောဓိလမ်း၊ အမှတ် B/17 ရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ ယင်းနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ တည်းခိုခန်းရှေ့တွင် ညီခမ်း (ခ) ညီလာ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း။

ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မန္တလေး - လားရှိုးသွား ကားလမ်းတွင် ဆိုင်းဒူ (ခ) မာနောင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၅၉,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်