မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လူတိုင်းနှင့်သက်ဆိုင်သည့်တာဝန်

 

နှစ်သစ်၏အစ ယခုလပိုင်းအတွင်းမှာ မူးယစ်ဆေးဝါးပမာဏ အမြောက်အမြား ဖမ်းဆီးရမိသည့်သတင်းများ ခပ်စိတ်စိတ် တွေ့နေရသည်။ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေခြင်း၊ နိုင်ငံ၏အတွင်းပိုင်းဒေသအချို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေခြင်း စသည်တို့ကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုပြုလုပ်လာ ကြခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ ထို့အပြင် အချို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများတွင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များ တိုက်ရိုက်ပါဝင်နေကြသလို အချို့မူးယစ်ဆေးဝါး အမှုများမှာ နောက်ကွယ်၌ အဆိုပါအဖွဲ့များက ကြိုးကိုင်ဆောင်ရွက်နေကြသည့် သဲလွန်စအချို့ရှိနေကြသည်။

 

ယခုဇန်နဝါရီလ တတိယပတ်ကုန်အထိ ဖော်ပြခဲ့သည့် မူးယစ်ဆေးဝါး ပမာဏအမြောက်အမြား ဖမ်းဆီးရမိသည့် သတင်းများအနက် ဇန်နဝါရီ ၄ ရက်တွင် တပ်မတော်(ရေ)က မြန်မာ့ပင်လယ် ပြင်၌ ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန်၊ ဇန်နဝါရီ ၈ ရက် တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ ဖမ်ဆီးရမိ ခဲ့သည့် ငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၆ သိန်းနှင့် ဘိန်းဖြူ ကီလို ၁၀၀ ခန့်၊ ဇန်နဝါရီ ၁၇ ရက် တွင် နောင်ချိုမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၃၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ် နှစ်တန်တို့မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပမာဏများပြားသကဲ့သို့ ငွေကြေးတန်ဖိုး အရလည်း ကြီးမားသည်။ ပင်လယ်ပြင်၌ ဖမ်းဆီးရမိခဲ့သော စက်လှေတစ်စင်းစာခန့် တင်ဆောင်လာသည့် မူးယစ်ဆေးဝါးများမှာ ကော့သောင်းမှတစ်ဆင့် ပြည်ပသို့ ပို့ဆောင်ရန် ဖြစ်သည်ဟု သိရသည်။

 

အခြားမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများမှာ  အနည်းဆုံး တန်ဖိုး ငွေကျပ်သိန်း ၄၀၀၀ ကျော်မှသည် ငွေကျပ်သန်းပေါင်း ၂၀၀၀ (နှစ်ဘီလီယံ) ခန့်အထိ အသီးသီးပါဝင်ကြပြီး ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေး၊ အိုက်စ်ခေါ် မက်သ်အဖက်တမင်း၊ Happy Water စသည့် မူးယစ်ဆေးဝါး အမျိုးမျိုးဖြစ်ကြသည်။ ၎င်းမူးယစ် ဆေးဝါးများကို ကလေးမှ တီးတိန်သို့၊ တောင်ကြီးမှ ကော့သောင်း သို့၊ ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့၊ ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့၊ ရန်ကုန်သို့ စသည်ဖြင့် သယ်ဆောင်ကြစဉ် ဖမ်းမိခြင်းဖြစ်ရာ ဥပဒေကိုမျက်ကွယ်ပြု၍ လောဘ၏ သွေးဆောင် ရာနောက်သို့ အတင့်ရဲစွာ လိုက်ပါကြခြင်းဖြစ်သည်။ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒတွင် “အကျိုးအမြတ်များလှသော မူးယစ်ဆေးဝါးကုန်သွယ်မှုသည် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့မှုခင်းများအား အားပေးလျက်ရှိပြီး အကျင့်ပျက်ခြစားမှုနှင့် ဆက်စပ်သော တရားမဝင် လုပ်ငန်းများကိုလည်း ဖြစ်စေလျက်ရှိသဖြင့် နိုင်ငံ၏လုံခြုံမှုနှင့် နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းစီ၏ လုံခြုံမှုကိုပါ ခြိမ်းခြောက်စေလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ဥပဒေပိုင်းဆိုင်ရာအရ ဟာကွက်များရှိနေခြင်း၊ တားဆီးနှိမ်နင်းရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတွင်လည်း အားနည်းချက်များ ရှိနေသေးခြင်း၊ မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး စွမ်းဆောင်ရည် နည်းနေသေးခြင်း၊ မူဝါဒများ၊ တည်ဆောက်ရာတွင် အ‌ခြေခံရမည့် သတင်းအချက်အလက်များနှင့် သိပ္ပံနည်းကျ အထောက်အထားများ ရရှိနိုင်မှုနည်းပါးခြင်း စသည်တို့သည် စိန်ခေါ်မှုများအဖြစ် တည်ရှိလျက်ရှိပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးမှု အားနည်းသော အထူးဒေသများတွင် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်ခက်ခဲခြင်း စသည့်စိန်ခေါ်မှုများကလည်း မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်း နှင့် သုံးစွဲခြင်းတို့အား ထိန်းချုပ်တားဆီးရာ၌ အခက်အခဲများအဖြစ် ရှိနေပါသည်။ဟူ၍ ဖော်ပြထားသည်ကို တွေ့ရသည်။

 

၂၀၂၀ ပြည့်နှစ် အစောပိုင်းမှစ၍ လက်ရှိကာလအထိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲပဋိပက္ခများ၊ နိုင်ငံတွင်း ဒေသအချို့ မတည်ငြိမ်မှုများက မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုတို့ကို ပိုမိုအားပေးနေသည့်သဖွယ်ဖြစ်သည်။ မူးယစ်ဂိုဏ်းသားတို့အတွက် အကျိုးအမြတ် လွန်စွာကြီးမားသည့် မူးယစ်ဆေးဝါးသည် နိုင်ငံနှင့်လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသလို လူသားထုတစ်ရပ်လုံးအတွက်လည်း အန္တရာယ်ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးသည် လူတိုင်းနှင့်သက်ဆိုင်သည့် တာဝန်တစ်ရပ်အဖြစ် ပါဝင်ထမ်းဆောင်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။ 

 

မြန်မာ့အလင်း