မူးယစ်ဂိုဏ်းတွေကို အကြမ်းဖက်စာရင်းသွင်းပြီး နှိပ်ကွပ်တော့မယ့် သမ္မတထရမ့်

ကလာမိုးမြင့်

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာမက္ကဆီကိုရှိ မူးယစ်ဆေးဝါးရောင်းချ | ဖြန့်ဖြူးမှုတွေပြုလုပ်နေတဲ့ ဂိုဏ်းအဖွဲ့ အစည်းတွေမှန်သမျှကို အကြမ်းဖက် | အုပ်စုတွေအဖြစ် စာရင်းသွင်းဖို့ စီစဉ်နေပြီဆိုတဲ့အကြောင်း နိုဝင်ဘာ ၂၆ ရက်က အွန်လိုင်းမှာဖော်ပြခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

ထရမ့်စတင်လှုပ်ရှား

နိုဝင်ဘာလအစောပိုင်းက မက္ကဆီကိုမြောက်ပိုင်းမှာ မော်မွန်(Mormon) ဘာသာရေးအဖွဲ့ အစည်းကအမျိုးသမီးတွေနဲ့ ကလေးငယ်ကိုးဦးသေနတ်နဲ့ ပစ်သတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲဖို့ တိုက်တွန်းလိုက်ပြီး မကြာမီမှာပဲထရမ့်က မူးယစ်ဂိုဏ်းတွေကို အကြမ်းဖက်စာရင်းသွင်းဖို့ လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။

 

အမေးအဖြေပြုလုပ်မှုအတွင်းမှာ ကွန်ဆာဗေးတစ် သတင်းမီဒီယာတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဘီလ်အိုလီကသင့်အနေနဲ့ မက္ကဆီကိုမှာရှိတဲ့ မူးယစ်ဂိုဏ်းတွေကိုအကြမ်းဖက် စာရင်းသွင်းပြီးဒရုန်းယာဉ်တွေနဲ့ စတင် တိုက်ခိုက်တော့မှာလားဆိုပြီး မေးခွန်းထုတ်ခဲ့မှုကို ၎င်းရဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုက် ၊ တစ်ခုမှာဖော်ပြခဲ့တာကို တွေ့ရပါတယ်။

 

ရက်ပေါင်းကိုးဆယ်

အဲဒီမေးခွန်းကို ထရမ့်က ဒီကိစ္စမှာကျွန်ုပ်ဘာလုပ်တော့မယ်ဆိုတာကို သိပ်တော့ထုတ်မပြောချင်ဘူး၊ ဒါပေမယ့် သေချာပေါက် အဲဒီအဖွဲ့အစည်း | တွေကို အကြမ်းဖက်အုပ်စုထဲထည့်သွင်းရလိမ့်မယ်။ ပြီးခဲ့တဲ့ ရက်ပေါင်း ကိုးဆယ်လုံးလုံး ဒီအတွက် အလုပ်လုပ်နေခဲ့တာဖြစ်တယ်လို့ သမ္မတထရမ့် က အဖြေပေးထားပါတယ်။

 

တကယ်တော့ စာရင်းသွင်းတယ်ဆိုတဲ့ ကိစ္စကပြောသလောက်တော့ မလွယ်ဘူး၊ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုကျော်ဖြတ်ရမယ်။ အဲဒီဖြစ်စဉ်ထဲမှာလည်း ဘောင်ဝင်အောင်ဆက်သွားရမယ်လို့ ထရမ့်က ဖြည့်စွက်ပြောလိုက်ပါတယ်။ မက္ကဆီကိုနဲ့ပတ်သက်ပြီး ထရမ့်ပြောခဲ့တဲ့ စကားတွေကို ရှည်လျားတဲ့ အင်တာဗျူးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အိုရီလီရဲ့ ဝက်ဘ်ဆိုက်မှာ ၊ ဖော်ပြခဲ့တာဖြစ်ပါတယ်။

 

အာဏာပိုင်တွေ တုံ့ပြန်

ထရမ့်ရဲ့ မှတ်ချက်အပေါ်မှာမက္ကဆီကိုအာဏာပိုင်တွေက ချက်ချင်းလက်ငင်းဆိုသလိုပဲ တုံ့ပြန်ခဲ့ကြပြီး မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်စကားတစ်ခွန်းရဲ့ အဓိပ္ပာယ်နဲ့ လက်ခံနိုင်တဲ့အတိုင်းအတာကို နားလည်သဘောပေါက်ဖို့ အမေရိကန်အာဏာပိုင်တွေဆီဆက်သွယ်ပြော ဆိုခဲ့တယ်လို့ ဆိုထားပါတယ်။ မက္ကဆီကိုအနေနဲ့ ၎င်းရဲ့ သဘောထားရပ်တည် ချက်ကို ကိုယ်စားပြုဖော်ပြဖို့အတွက်နဲ့ ဝါရှင်တန်ရဲ့ အတွေးအမြင်တွေကို နားစွင့်ဖို့အတွက် အဆင့်မြင့်အစည်းအဝေးတစ်ခုကို မကြာခင်အချိန်အတွင်း အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် ကျင်းပနိုင်ဖို့လုပ်မယ်လို့လည်း နိုင်ငံခြား ရေးဝန်ကြီးဌာနကဆိုပါတယ်။

 

လက်နက်မှောင်ခိုဝင်ရောက်မှု

မက္ကဆီကိုဘက်က အမေရိကန်အပေါ် အပြစ်မြင်နေတဲ့ အကြောင်းတစ်ခုက မက္ကဆီကိုမှာ ရာဇဝတ်မှုတွေပိုပြီး မြင့်တက်လာနေတဲ့အချက်ဟာ အမေရိကန်ဆီက အလုံးအရင်းဝင်လာတဲ့ မှောင်ခိုလက်နက်တွေကြောင့်ဖြစ် တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်ပြည်ထောင်စုဆီရောက်ရှိရာ လမ်းကြောင်းဖြစ်တဲ့ မက္ကဆီကိုနယ်နိမိတ်ကို ဖြတ်ကျော်လာတဲ့ ဓာတုပစ္စည်းတွေနဲ့ မူးယစ်ကုန်ကြမ်းတွေကို တားဆီးပိတ်ပင်နိုင်ရေးအပြင် မက္ကဆီကိုမှာ ရာဇဝတ်မှုတွေပြုလုပ်ဖို့ စီစဉ်သူတွေထံအမေရိကန်ဆီက ငွေကြေးနဲ့ လက်နက်စီးဆင်းဝင်ရောက်မှုကို လျှော့ချရေး လုပ်ဆောင်ရာမှာအောင်မြင် မှုရရှိစေဖို့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ကြိုးပမ်းသွားရဦးမှာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

 

ခွင့်ပြုမှာမဟုတ်

အမေရိကန်ပြည်ထောင်စုမှာ ဝယ်ယူတဲ့လက်နက်တွေ အများအပြား ဝင်ရောက်လာပြီး မက္ကဆီကို တောင်ပိုင်းမှာ မှောင်ခိုရောင်းချမှုဖြစ်ပွားနေတာ နဲ့ပတ်သက်လို့ မက္ကဆီကိုက စောဒကတက်နေခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ ဒီကိစ္စအပေါ်မှာ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးမာစီလိုအီဘရဒ်ရဲ့ တွစ်တာ | အကောင့်မှာ တုံ့ပြန်ထားပုံက ပိုပြီးပြင်းထန်ပါတယ်။၎င်းက မက္ကဆီကိုဟာ နိုင်ငံတော် အချုပ်အခြာအာဏာကိုချိုးဖောက်ရာရောက်တဲ့ ဘယ်လိုအပြုအမူ မျိုးကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

 

မက္ကဆီကို အာဏာပိုင်တွေအနေနဲ့ ၎င်းတို့ရဲ့ အတွေးအမြင်ကို ဝါရှင်တန်က သိအောင်လုပ်ခဲ့ပြီးသွားပြီဖြစ်သလို နိုင်ငံတကာမှာဖြစ်နေတဲ့ ကြိုတင်စီစဉ်ထာသော ရာဇဝတ်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ မက္ကဆီကိုရဲ့ ဆုံးဖြတ်ချက်ကို လည်းသိရှိအောင် ဖော်ပြခဲ့ပြီးပြီဖြစ်တယ်လို့ ၎င်းက ပြောကြားလိုက်ပါတယ်။

မီးမောင်းထိုးပြ

မော်မွန်ဘာသာရေးအဖွဲ့ အစည်းကလူတွေ အသတ်ခံရတဲ့ဖြစ်ရပ်ဟာ မက္ကဆီကိုမှာ မူးယစ်ဂိုဏ်းတွေကြောင့်ဖြစ်ပွားရတဲ့ အကြမ်းဖက်မှုတစ်ခုကိုမီး မောင်းထိုးပြလိုက်သလိုဖြစ်ခဲ့ပြီး လက်ဝဲသမားတစ်ဦးဖြစ်တဲ့ မက္ကဆီကို သမ္မတအန်ဒရီရက်စ် မန်နျူရယ် လိုပက်ဇ် အော်ဘရာဒါအနေနဲ့ ဒီလိုရာဇဝတ်မှု မျိုးကို ထိန်းချုပ်နိုင်ဖို့ အတော်လေးရုန်းကန်ကြိုးစားနေရတဲ့ အနေအထား တစ်ခုကို တင်သာမြင်သာ ဖြစ်စေခဲ့ပါတယ်။

 

ရှစ်လသားအမြွှာကလေးငယ်နှစ်ဦးအပါအဝင် အသတ်ခံခဲ့ရသူ ကိုးဦးဟာ မက္ကဆီကိုမြောက်ပိုင်းဆိုနိုရာနဲ့ ချီဟွာဟွာဒေသအကြားဝေးလံခေါင်ဖျားတဲ့ လမ်းတစ်လမ်းပေါ်မှာကားနဲ့ ခရီးသွားနေစဉ်အတွင်း အသတ်ခံခဲ့ရပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာယှဉ်ပြိုင်ဘက် မူးယစ်မှောင်ခိုဂိုဏ်းတွေအကြား ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နေရာတစ်ခုလို့ သိရပါတယ်။

 

အထင်မှားသတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်

La Lineaလို့ခေါ်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းဟာ ပြိုင်ဘက် ဂိုဏ်းတစ်ခုက ' အဖွဲ့ဝင်တွေလို့ အထင်မှားပြီး မော်မွန်တွေကို သတ်ခဲ့တာဖြစ်နိုင်တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့ လူ့အသက် တွေကတော့ မူးယစ်ဂိုဏ်းအချင်းချင်းအကြားရန်စတွေကြောင့် မဆီမဆိုင်သေဆုံးခဲ့ရပါပြီ။ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကတော့ အသတ် ခံခဲ့ရတဲ့ ၎င်းတို့မိသားစုဝင်တွေဟာ တမင်သက်သက်ကို ပစ်မှတ်ထား သတ်ဖြတ်ခံလိုက်ရတာလို့ ယုံကြည်နေကြပါတယ်။

 

အမေရိကန်ပြည်ထောင်စုက မော်မွန်တွေဟာ မယားပြိုင်ထားခြင်း အပါအဝင် ၎င်းတို့ရဲ့ ဓလေ့ထုံးစံတွေအပေါ် နှိပ်ကွပ်ခံရမှုတွေကြောင့် ၁၉ ရာစုနှောင်းပိုင်းလောက်မှာ မက္ကဆီကိုသို့ ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ကြ ပါတယ်။ မော်မွန်ဘာသာဝင်တွေ အသတ်ခံရပြီးနောက်မှာ သမ္မတက မက္ကဆီကို မူးယစ်ဂိုဏ်းတွေကို မကောင်းဆိုးရွားသဖွယ်ထင်မြင်လာပြီး ယခင်ကထက် အဆပေါင်းများစွာ မျက်မုန်းကျိုးလာဟန်ရှိတာကို တွေ့ရပါတယ်။

 

ကျွန်ုပ်အနေနဲ့ အမေရိကန်ဟာမက္ကဆီကို နိုင်ငံအတွင်းမှာထကြွနေတဲ့ မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးလုပ်ဆောင်လိုတယ်ဆိုတဲ့ အကြောင်းမက္ကဆီကို သမ္မတမန်နျူရယ်လိုပက်ဇ် အော်ဘရာဒါကို ဖွင့်ပြော ခဲ့ပြီးသားဖြစ်တယ်။ မက္ကဆီကိုနိုင်ငံထဲဝင်ပြီး မကောင်းဆိုးရွားတွေကို ရှင်းထုတ်ခွင့်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း မစ္စတာလိုပက်ဇ်ကကမ်းလှမ်း ချက်ကို လက်မခံခဲ့ဘူး။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိလုပ်ဖို့လိုအပ် တဲ့အရာ တွေကိုတော့ လုပ်ထားရမှာပဲလို့ သမ္မတထရမ့်က ပြောပါတယ်။

 

အကြမ်းဖက်စာရင်းသွင်းခံရတဲ့အခါ

အမေရိကန်ပြည်ထောင်စုမှာ အဖွဲ့ အစည်းတစ်ခုကို အကြမ်းဖက် အုပ်စုအဖြစ် စာရင်းသွင်းလိုက်ပြီဆိုတာနဲ့ အဲဒီအဖွဲ့ဟာအမေရိကန်က ပြည်သူတွေအတွက် တရားမဝင်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်သွားပြီး ဒီလူတွေ တစ်ယောက်မှ အမေရိကန်ကို ဝင်ရောက်ခွင့်ရတော့မှာ မဟုတ်တဲ့အပြင် အမေရိကန်ပြည်ထောင်စုအတွင်းမှာ နေထိုင်ပြီးသားလူဖြစ်နေတယ်ဆိုရင်လည်း နှင်ထုတ်ခံရမှာပါ။

 

ငွေကြေးဆိုင်ရာအဖွဲ့ အစည်းတွေအနေနဲ့လည်း အကြမ်းဖက်စာရင်း သွင်းခံရတဲ့အုပ်စုနဲ့ ငွေကြေးအရဆက်ဆံမှုရှိကြောင်း တွေ့ရှိတယ်ဆိုရင် အဲဒီငွေကြေးကို ပိတ်ပင်ခံရမှာဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနကို သတိ ပေးနှိုးဆော်မှာ ဖြစ်ပါတယ်။ ။

ကိုးကား- အေအက်ဖ်ပီ