မြဝတီ-ကော့ကရိတ် အာရှလမ်း ယာယီဘေလီတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး၍  မကြာမီ ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်

ဘားအံ ဩဂုတ် ၂၃

 

ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဩဂုတ်လ ၇ ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်း မြေပြိုမှု  ဖြစ်ပွားခဲ့ရာ ယာဉ်သွားလာမှု ယာယီရပ်တန့်ခဲ့ရပြီး အဆိုပါလမ်းအား ယာဉ်များပြန်လည်သွားနိုင်ရန် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဩဂုတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၇၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကော့ကရိတ်မြို့လမ်းဦးစီးဌာနမှ AE ဦးမိုးကျော် ဦးစီးအဖွဲ့သည် ဘတ်ဟိုးယာဉ် (၆)စီး၊ မြေကော်စက် (၂)စီး၊ မြေညှိစက်(ဒိုဇာ) (၁)စီးတို့ဖြင့် လမ်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် လမ်းပျက်စီးခဲ့သည့်နေရာ၏ တောင်ဘက်နှင့်မြောက်ဘက်တို့တွင် ယာယီရှောင်ကွင်း မြေသားလမ်း ဖောက်လုပ်ပြီး ကျောက်ကြမ်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်းကို မြဝတီမြို့ မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ  ကျောက်ကြမ်းခင်းခြင်းအား အလျား ပေ ၂၀၀ ၊ အနံ ပေ ၃၀ ၊ ထုတစ်ပေခင်းခြင်း၊ ကျောက်ကြမ်းပေါ်တွင်  ကျောက်ချောခင်းခြင်းလုပ်ငန်းအား အလျားပေ ၃၀၀၊ အနံပေ ၃၀၊ ထုတစ်ပေ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့ လမ်းဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။

 

ထို့နောက် အရှည်ပေ ၇၀ ၊ အကျယ် ၁၃ ပေ၊ ရှစ်လက်မရှိ ယာယီဘေလီတံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြဝတီဘက်ခြင်းမှစတင်၍ ယာယီဘေလီတံတားဖရိန် တပ်ဆင်ခြင်းနှင့် ကြမ်းခင်းသံပြားခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၂၂ ရက်နေ့အထိ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မကြာမီကာလတွင် ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည် ဖြစ်ကြောင်း၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရှိ ယာယီဘေလီတံတား တည်ဆောက်မည့် တံတား ချဉ်းကပ် ဖောက်လုပ်ခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကော့ကရိတ် တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးဦးစီးအဖွဲ့မှ အနီးကပ်လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)