မြဝတီ၊ ကွမ်းလုံနှင့် မိတ္ထီလာမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၁ နာရီတွင် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြန်မာနန်း (၅) လမ်းနေ မအုန်းကြည်မြင့် (ခ) ဥမ္မာမြင့်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ကိုလည်းကောင်း ၊ ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ်၊ ဝေါခြုံကျေးရွာအုပ်စု၊ နမ့်ချင်းဟော် ကျေးရွာနေ ဝမ်လောက်ဟမ်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၆၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၀၃၂ ကီလိုကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့နယ်၊ ကျွယ်ကန်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာနေ ခင်မောင်စန်း၏ နေအိမ်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ ၎င်းနှင့်အတူ ကျော်သူဟန် (ခ) လဖီး၊ မချစ်ပိုမေ (ခ) အိအိဖြူ တို့ကိုတွေ့ရှိရပြီး ၎င်းတို့သုံးဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀  ကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ ဆက်လက်၍ ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် မိတ္ထီလာမြို့၊ သဲတောလေးရပ်ကွက်၊ ချည်စက်နယ်မြေနေ ကျော်ငြိမ်းချမ်း (ခ) တိုနီ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေမင်းထက် (ခ) နေကြီးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆ ပြားနှင့်လည်းကောင်း၊ ည ၇ နာရီခွဲတွင် မိတ္ထီလာမြို့၊ ပေါက်ချောင်း ကွက်သစ်ရပ်ကွက်နေ ဝင်းထိုက် (ခ) ထိုက်ကြီး ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျော်ဇင်ဦး (ခ) တရုတ်ကြီးကို စိတ်ကြွရူးသွပ်ဆေးပြား ၆,၄၇၀၊ မြန်မာငွေကျပ် ၈ ဒသမ ၃၄ သိန်းနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား