မြဝတီမြို့၊ မိုင်းဆတ်၊ တာချီလိတ်နှင့် မော်လမြိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၇ 
    
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် ၇နာရီ မိနစ် ၄၀ တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် မင်းထွန်းဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စု၊ ပါခါးကျေးရွာ အနီးရှိ မိုင်းဆတ်- တာချီလိတ်သွားကားလမ်းတွင် ညီလှိုင် မောင်းနှင်လာသည့် ယာဉ်ကို စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ကိုလည်းကောင်း။
     
ထို့ပြင် ယင်းနေ့  ညနေ ၅ နာရီ မိနစ် ၄၅ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် စိုင်းလှဝန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် စိုင်းနော်ခမ်း မောင်းနှင်ပြီး စိုင်းဖူး လိုက်ပါလာသည့် မော်တော်ယာဉ်တို့ကို စစ်ဆေးရှာဖွေရာ အိုက်စ် ၂၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာ ၁၆ ရက် ည ၇ နာရီ မိနစ် ၂၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟိုတယ်အနီးတွင် စိုင်းလောင်ခေးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ အလားတူ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဖက်ခင်းလမ်းရှိ စားသောက်ဆိုင်တွင် ဝေယံမျိုးလွင်၊ စိုင်းစံမိန်းနှင့် မနန်းလောဝ်အွမ် တို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၈၂၅ ပြား ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)