မြဝတီမြို့၌ သောင်ရင်းမြစ်ရေ လျှံတက်ခြင်းကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ လှူဒါန်း

မြဝတီ  မေ  ၂၃

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေ လျှံတက်ခြင်းကြောင့် ရေကြီးမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) သင်္ကန်းညီနောင်မှ ဆန်၊ ခေါက်ဆွဲခြောက် နှင့် သောက်ရေသန့်များ ယနေ့ နံနက် ၁၀ နာရီခွဲက အထက (၃) ကျောင်း ယာယီရေဘေး ကယ်ဆယ်ရေးစခန်းတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းမှူး ဗိုလ်မှူးစိုင်းဇော်မိုးထွန်း၊ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊  နယ်ခြားစောင့်တပ် ကွပ်ကဲရေးရုံးမှ ဗိုလ်မှူးစိန်သန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ယာယီရေဘေး ကယ်ဆယ်ရေးစခန်း တာဝန်ခံများက လက်ခံရယူသည်။

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို နယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ် ဘေးတည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ မေလ ၂၁ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး အဆိုပါ သောင်ရင်းမြစ်ရေသည် စိုရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ပြီး ၁၁၆၆ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် မြဝတီမြို့ သောင်ရင်းမြစ် ဘေးနေရာများနှင့် အနိမ့်ပိုင်းနေရာများ ရေကြီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရေကြီးမှုကြောင့် အိမ်ထောင်စု ၇၀၅ စုအား ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ နေရာချထားခြင်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

                                                                                                                       

ထိန်လင်းအောင်(ပြန်/ဆက်)