မြဝတီမြို့တွင် မြန်မာငွေရောရာ ကျပ်သိန်း(၄၀)၊ လက်ကိုင်ဖုန်းနှင့် စာရွက်စာတန်းများအပါအဝင် ရွှေထည်ပစ္စည်းမျိုးစုံ ခိုးယူသူ သုံးဦးကို ဖော်ထုတ်ဖမ်းဆီးရမိ

မြဝတီ ၁၇  ဇန်နဝါရီ 

ကရင်ပြည်နယ် မြဝတီမြို့တွင် ဇန်နဝါရီ ၁၆ ရက်က မြန်မာငွေရောရာ ကျပ်သိန်း(၄၀)၊ ဖုန်းနှင့် စာရွက် စာတမ်းများအပါအဝင် ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုး ၁၉၅၀ဝ၀ဝ ကျပ်ခန့် ခိုးယူသူ သုံးဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀နာရီ ၅မိနစ်အချိန်ခန့်က မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ချမ်းမွန်ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ အေးသာယာ(၃)လမ်းတွင် မသင်္ကာဖွယ် တွေ့ရှိသူ ထက်လင်း(ခ)မျောက်စပတ်ဆိုသူနှင့် ပြည့်ဖြိုးသိန်း(ခ)ကတုံးတို့ နှစ်ဦးအား စစ်ဆေးရာမှ ၂၈-၁၁-၂၀၁၈ ရက်နေ့ နံနက် ၈နာရီအချိန်ခန့်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ အောင်မြေ ရွှေဘုံ(၃)လမ်းရှိ နေအိမ်တစ်အိမ်မှ မီးခံသေတ္တာတစ်လုံးအား ခိုးယူခဲ့ပြီး မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အေးသာယာ(၃)လမ်းနေ စောထူး(ခ)အောင်ကိုဝင်းထံ အပ်နှံထားကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့သည်။

ဆက်လက်ပြီး စောထူး(ခ)အောင်ကိုဝင်းနေအိမ်မှ သော့ဖျက်ဖွင့်ထားသော အမြင့်(၁)ပေ(၂)လက်မ၊ အလျား(၁)ပေ(၄)လက်မ၊ အနံ(၁)ပေ(၁)လက်မခန့်ရှိ ခဲရောင်မီးခံသေတ္တာတစ်လုံးနှင့် မီးခံသေတ္တာအတွင်းမှ ၁၂ပဲရည်မြန်မာရွှေအလေးချိန် တစ်ပဲနှစ်ရွေးခန့်ရှိ စိန်ခြယ်နားကပ်တစ်ရံ၊ ၁၂ပဲရည် မြန်မာရွှေအလေးချိန် တစ်ပဲသုံးရွေးခန့်ရှိ တစ်လုံးစိန်နားကပ်တစ်ရံ(နောက်ပိတ်မပါ)၊ ကွင်းကပ်အစဖြင့် ထုတ်ထားသော အလုံးသေးမြကျောက်(၁၆)လုံး၊ ငွေရောင်ဖန်စီဆွဲကြိုးတစ်ကုံး၊ ရွှေရောင်ဖန်စီဆွဲကြိုးတစ်ကုံး၊  မြန်မာရွှေ အလေးချိန်နှစ်ရွှေးခန့် ကွင်းပါ ပုလဲလော့ကတ်သီးတစ်ခု၊ ကျောက်ဖြူပါ မိုးစက်ပုံလော့ကတ်သီး တစ်ခု၊အစိမ်းရောင် ငွေစုစာအုပ်တစ်အုပ်၊ အဝေးသင်တက္ကသိုလ်ကျောင်းသားကဒ်တစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ်လေးခု၊ မြန်မာငွေရောရာ ကျပ် ၁၁၂၄၀ဝ၀ မြေအရောင်းအဝယ်စာချုပ်နှစ်စောင်နှင့် အဆိုပါနေအိမ်ရှေ့တွင် ရပ်ထားသော 4C/---- နံပါတ်တပ် မတ်တူးအမျိုးအစား အဖြူရောင်မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထပ်မံစစ်ဆေးချက်အရ စောထူး(ခ)အောင်ကိုဝင်း၏ အိပ်ခန်းခေါင်းအုံးအောက်မှ ME အမျိုးအစား ရွှေအိုရောင်ဖုန်းတစ်လုံး၊ ၁၄ပဲရည် အလေးချိန် ခုနှစ်ပဲနှစ်ရွေးခန့်ရှိ ထိုင်းဘတ်ရွှေဆွဲကြိုးတစ်ကုံး၊ ၁၄ပဲရည် အလေးချိန် တစ်ပဲ နှစ်ရွေးရှိ ထိုင်းဘတ်ရွှေဆွဲကြိုးတစ်ကုံး၊ ၁၄ပဲရည် ထိုင်းဘတ်ရွှေ အလေးချိန် (၁-ပဲ)နှင့်(၆.၅-ရွေး)ရှိ ကျောက်ဆူးပုံလော့ကတ်သီးတစ်ခု၊ ၁၄ပဲရည် ထိုင်းဘတ်ရွှေ အလေးချိန် သုံးပဲငါးရွေးရှိ အုတ်ပုံလက်စွပ် တစ်ကွင်းတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်အား  ဆက်လက်စစ်ဆေးလျက်ရှိပြီး ကျန်ရှိနေသည့် သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)