ရန်ကုန်   မေ  ၂၄

အားကစားနှင့်ကာယပညာဦးစီးဌာန  မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ပူးပေါင်းစီစဉ် မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီကာ Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ပွဲစဉ်(၃၂)ကို ယနေ့မွန်းလွဲ ၁ နာရီတွင်   ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ တွဲဆိုင်း ၁၀ ဆိုင်း ကျင်းပသည်။

အဆိုပါပြိုင်ပွဲ ၃ မိနစ်ထိုး ၂ မိနစ်နား သုံးချီပြိုင်ပွဲ၌ ရဲမင်းအောင် (Smart Fight)နှင့် မိုးကြိုး (555 Sport)၊ထက်ဝေယံ (ကျားမနိုင်)နှင့် ခေးဘွေးထူး(ရိုးရာကျား)၊ ရန်မျိုးအောင် (YMA)နှင့် ဝေါယောဇက် (ရိုးရာကျား)၊ ဗညား (Strong Westler)နှင့် ဟိန်းထက်အောင်(ရွှေဒေါင်းဖြူ)၊ ရွှေထီး (YMA)နှင့် နိုင်ဇင်ဦး(ကျားဘုရင်)တို့ ပြိုင်ပွဲများတွင် အလူးအလဲဖြင့် ပူးတွဲသရေများကျခဲ့ကာ ပရိသတ်အကြိုက် ပွဲကောင်းများ ဖြစ်ခဲ့သည်။

ဆက်လက်၍ သားသား(ဓနုဖြူ)က ချင်းသွေးရိုင်း(Top One)ကို ဒုတိယအချီ၌ လက်သီးတွဲဖြင့် အလဲထိုးနိုင်ခဲ့ပြီး ပြည့်ဖြိုးအောင် (ကျားဘုရင်)က စောကီးဒို(Nine Club)ကို ဒုတိယအချီမှာ အလဲထိုးနိုင်ခဲ့သည်။ ထို့ပြင် စောမျိုးကျော်(ဓနုဖြူ)နှင့် ဒေးဗစ် (MK-1)တို့ပြိုင်ပွဲတွင်  ဒေးဗစ်အနိုင်ရရှိခဲ့သည်။ ဖိုးခွားစိ (ပဲခူးကလပ်)နှင့် စောလင်းထက်နိုင်(ဓနုဖြူ)တို့ပြိုင်ပွဲတွင် ဖိုးခွားစိ‌က အနိုင်ရရှိခဲ့သည်။ စထက်လင်း (MK-1)နှင့် စောမောနီးရှိုင်း (DOJO 9)တို့ပြိုင်ပွဲ၌ စထက်လင်းက  အနိုင်ရရှိခဲ့သည်။                                                                           

အာကာ